မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ဥပဒေရေးရာကဏ္ဍနှင့် တရားစီရင်ရေး ဆိုင်ရာကဏ္ဍများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ဆောင်ရွက်သွားမယ်လို့သိရှိရပါတယ်။

နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ယနေ့ ဇူလိုင် ၂၅ရက်က  ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ တရားရုံးချုပ်၊ တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် နှစ်ဘက်ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီအပြင် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးဆိုင်ရာ တိုးတက်ကောင်းမွန်မှုအခြေအနေများ၊ ဥပဒေရေးရာကိစ္စရပ်များနှင့်တရား စီရင်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံမှ ဥပဒေပညာရှင်များရုရှားနိုင်ငံတွင် ဥပဒေပညာရပ်များ လေ့လာနိုင်မည့် အခြေအနေများ၊နှင့် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်သီတာဦး တို့တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရားရုံးချုပ်၊ တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက် ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း လည်းသိရှိရပါတယ်။

-ymg/knl

#MyanmarRussia