ဇူလိုင်၂၃၊၂၀၂၃

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နှစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားသစ်ကို ၂၀၂၃ခုနှစ် ဇူလိုင်(၃၁)ရက်နေ့တွင် စတင်ထုတ်ဝေသွားမယ်လို့ ယနေ့ဇူလိုင် ၂၃ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံတွင်ထေရဝါဒဗုဒ္ဓသာသနာတော်ကြီးခိုင်မာစွာထွန်းလင်း တောက်ပမှုအား ပြသရန်၊ ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ တိုင်းပြည်နှင့်ကမ္ဘာကြီးအေးချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ်တည်ဆောက်ထားသည့်

“ မာရဝိဇယ ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နှင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့တွင် မွေးဖွားသန့်စင်သည့် ဆင်ဖြူတော်ရတနာ ရဋ္ဌနန္ဒက ၏ တစ်နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အနေဖြင့်  ထုတ်ဝေတာဖြစ်တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

ယင်းငွေစက္ကူကို အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်ဝေသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံတွင် လှည့်လည်သုံးစွဲနေသောငွေစက္ကူများအနက် ဟောင်းနွမ်းပြီးလှည့်လည်သုံးစွဲရန် မသင့်သော ငွေစက္ကူအမျိုးအစား အသီးသီးတို့နှင့် “ တန်ဖိုးတူလဲလှယ်ပေးခြင်း ဖြင့်သာဖြန့်ဝေ သွားမည်ဖြစ်တယ်လို့သိရပါတယ်။ ကနဦးအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် - နေပြည်တော်၊ ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲ တို့တွင် ဟောင်းနွမ်းငွေစက္ကူများနှင့် “ တန်ဖိုးတူ” လဲလှယ်ပေးမည် ဖြစ်ပါတယ်။

လက်ရှိတရားဝင် လှည့်လည်သုံးစွဲနေသော ငွေစက္ကူများ နှင့် ငွေအကြွေများ သည်လည်း တရားဝင်သုံးစွဲငွေအဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်တဲ့အကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ငွေစက္ကူသစ်နှင့် ပတ်သက်သည့်အချက်အလက်များမှာ အောက်ပါ

အတိုင်း ဖြစ်တဲ့အကြောင်းသိရပါတယ်။

နှစ်သောင်းကျပ်တန်ငွေစက္ကူ

အရွယ်အစား ။  အလျား(၁၅)စင်တီမီတာ နှင့် အနံ (၇)စင်တီမီတာ

ပေါ်လွင်သောအရောင် ။  အစိမ်းနုရောင်

မျက်နှာစာဘက် ။  နှစ်သောင်းကျပ်တန်ငွေစက္ကူ၏ ထိပ်ပိုင်းတွင်“ မြန်မာနိုင်ငံတော်ဗဟိုဘဏ်”စာတန်းရိုက်နှိပ်ထားပါတယ်။  မျက်နှာစာဘက်အလယ်ပိုင်းတွင် မြန်မာ့အနုပညာလက်ရာမြောက် ရတနာဆင်ဖြူတော်ပုံရိုက်နှိပ်ထားပြီး ငွေစက္ကူ၏ လက်ယာဘက်တွင် ငွေစက္ကူတန်ဖိုးကို မြန်မာစာသားဖြင့် “နှစ်သောင်းကျပ်” ဟု ဖော်ပြထားပါတယ်။ ထောင့်သုံးထောင့် တွင်လည်းငွေစက္ကူ၏တန်ဖိုးကို မြန်မာ၊ အင်္ဂလိပ် ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါတယ်။ငွေစက္ကူ နံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ်အက္ခရာ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက် ရိုက်နှိပ်ထားပါတယ်။ ငွေစက္ကူ၏လက်ဝဲဘက်တွင် ရတနာဆင်ဖြူတော် ဦးခေါင်းပုံရေစာပါရှိပါသည်။ ငွေစက္ကူ၏ဘယ်ညာအစွန်းများတွင်အမြင်အာရုံချို့ယွင်းသူများ အထိအတွေ့ဖြင့် အာရုံခံသိရှိနိုင်သောမျဉ်းတို (၁၂) ချောင်းစီကို ရိုက်နှိပ်ထားပါတယ်။

ကျောဘက်။ နှစ်သောင်းကျပ်တန် ငွေစက္ကူ၏ ကျောဘက်တွင်စစ်ကိုင်းတံတားပုံနှင့်ဧရာဝတီတံတား(ရတနာပုံ)အားရိုက်နှိပ်ထားပြီး အပေါ်ပိုင်း၌ – CENTRAL BANK OFMYANMAR စာတန်း ၊ အောက်ပိုင်း၌ “TWENTYTHOUSAND KYATS”ဟူသောစာတန်းများ ရိုက်နှိပ်ထားပါတယ်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏တန်ဖိုးများကို မြန်မာ၊ အင်္ဂလိပ် ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။ နောက်ကျောဘက်တွင် ရှုထောင့်အမျိုးမျိုးမှ ပြောင်းလဲကြည့်လျှင် ရွှေရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲသော Colour Shift လုံခြုံရေးကြိုးကို ဒေါင်လိုက် မြှုပ်နှံ ထည့်သွင်းထားပါတယ်။