Published 3 Nov 2021

တရုတ်နိုင်ငံထုတ် ဆီနိုဖမ် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မာနိုင်ငံတွင် ပုလင်းသွင်း ဖြည့်တင်းထုတ်လုပ်သွားတော့မယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂ရက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်နိုင်ရေး အစည်းအဝေးအတွင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

“ ရေတိုစီမံကိန်းအနေဖြင့် ဆိုင်နိုဖမ်ကာကွယ်ဆေးကို Ready to fill bulk အနေဖြင့်ဝယ်ယူပြီး ပုလင်းသွင်းဖြည့်တင်းထုတ်လုပ် နိုင်ရေးကိုဆောင်ရွက်သွားမယ်” လို့ ဒေါက်တာချာလီသန်းက ပြောကြားခဲ့ပါတယ်။

အဲသလိုပုလင်သွင်းထုတ်လုပ်နိုင်ဖို့အတွက် တရုတ်နိုင်ငံက ကောင်းမွန်သော ဆေးဝါးထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့်အညီ ထုတ်လုပ်ရေးနည်းစဉ်များ၊ ထုတ်လုပ်မှုနည်းစဉ်တွေနှင့် အရည်အသွေးစစ်ဆေးခြင်းနည်းစဉ်တွေကို လွှဲပြောင်းရရှိထားပြီး ဖြစ်တယ်လို့လည်းသိရပါတယ်။

ရေရှည်မှာတော့ ပုလင်သွင်းအဆင့်မဟုတ်ဘဲ ပြည်တွင်းမှာပဲ အစအဆုံးထုတ်လုပ်သွားနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

“တရုတ်နိုင်ငံအနေနှင့် ဆီနိုဖမ်ကာကွယ်ဆေး မြန်မာနိုင်ငံမှာ ထုတ်လုပ်နိုင်ဖို့ကို သက်ဆိုင်တဲ့အဖွဲ့အစည်းတွေနှင့် ပူးပေါင်းဆောင်ရွက်နေပြီး တိုးတက်ကောင်းမွန်ပါတယ်။ အဓိကကတော့ ကာကွယ်ဆေးအရည်အသွေးထိန်းသိမ်းနိုင်ရေး  အရေးကြီးပါတယ်။ တရုတ်ကုမ္ပဏီနှင့် မြန်မာဘက် အနီးကပ်ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ဘယ်တော့လောက်ဖြစ်မယ် ဆိုတာတော့ အတိအကျပြောလို့မရသေးပေမယ့် မြန်မြန်လုပ်နိုင်လေ မြန်မာပြည်အတွက် အကျိုးရှိလေလေပဲဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူတစ်ဦးက အဆိုပါသတင်းနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းမ်ရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။