Published 2 November 2021

မြန်မာနိုင်ငံတွင် ကိုဗစ်ဖြစ်ပွားမှုရာခိုင်နှုန်းက တစ်နိုင်ငံလုံးနှင့်ကြည့်မယ်ဆိုရင်ပါကအခုကာလတွင် (၅) ရာခိုင်နှုန်း အောက်သို့ကျဆင်းနေပြီဖြစ်ပြီးအဓိကဖြစ်ပွားမှုနှုန်းများတဲ့ အဓိကမြို့နယ် ၁၅ မြို့နယ်ကို ဖယ်လိုက်ပါကတကယ်ဖြစ်ပွားတဲ့ ရာခိုင်နှုန်းက ၃ ရာခိုင်နှုန်း ပတ်ဝန်းကျင်ပဲရှိတာကို တွေ့ရတယ်လို့လည်းနစက ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ကိုဗစ် တတိယလှိုင်းစတင်ဖြစ်ပွားတဲ့ကာလမှာ အခက်အခဲတွေအများကြီးရှိခဲ့ပြီး စီးပွားရေးမပြည့် စုံမှု၊ ဆေးပစ္စည်းတွေ မပြည့်စုံမှု ၊ အောက်ဆီဂျင် မပြည့်စုံမှု ကျန်းမာရေးဝန်ထမ်းမပြည့်စုံမှု စတဲ့ လိုအပ်ချက်တွေရှိခဲ့ပြီး အဲ့ဒီလို အခက်အခဲတွေကြားထဲကနေပြီးတော့ ဆောင်ရွက်ခဲ့ရတာဖြစ်တယ်လို့ နိုဝင်ဘာ ၁ရက်က ပြောကြားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၉)လပြည့်မိန့်ခွန်းမှာ ကိုဗစ်အ​ရေးကိစ္စရပ်နှင့် ပတ်သက်လို့ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 "အခက်အခဲတွေကြားထဲကနေပြီးတော့ ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော့်ရဲ့ မူကတော့ လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိဘူး။ ဒီကိုဗစ်နဲ့ပတ်သက်လို့ရှိရင် ဘယ်လိုနည်းနဲ့ပဲ ကုန်ကျပါစေ ကျွန်တော်တို့ ကုန်ကျခံမယ်ဆိုပြီးတော့ ပြည်တွင်း ပြည်ပကနေပြီးတော့ ရနိုင်တဲ့လမ်းကြောင်းတွေကနေ ဝယ်ယူဆောင်ရွက်ခဲ့တာတွေ ရှိတယ်။" လို့ သူကပြောပါတယ်။

 ကိုဗစ် တတိယလှိုင်းကာလအတွင်းမှာ မြန်မာတွေရဲ့ ယဉ်ကျေးမှုလက္ခဏာဖြစ်တဲ့ ကူညီချင်တဲ့စိတ်၊ လှူဒါန်းချင် တဲ့စိတ်တွေက သူများနိုင်ငံတွေထက်သာလွန်တာတွေရှိခဲ့ပြီး ဒီစိတ်ဓာတ်တွေကြောင့် ကိုဗစ် ဖြစ်ပွားတဲ့အချိန်မှာ ပြည်သူတွေကနေပြီးတော့ ဆေးပစ္စည်းတွေ၊ ဆေးဝါးတွေ၊ အောက်ဆီဂျင်တွေကို ရရာလမ်းကြောင်းကနေရအောင်ရှာပြီးတော့ လှူဒါန်းမှု တွေ ပြုခဲ့သည့် ​ရောဂါကို ထိထိ​ရောက်​ရောက် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။

"အလားတူစွာပဲ ကျန်းမာရေးဝန်ထမ်းတွေလိုအပ်ချက်ရှိတဲ့အချိန်မှာ အငြိမ်းစားဝန်ထမ်းတွေ၊ တပ်မတော်ဘက်၊ နယ်ဘက် ဝန်ထမ်းတွေကလည်း ရရာ လမ်းကြောင်းကနေ လာရောက်ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးမှုတွေရှိတယ်​။ ဒီလိုက နေပြီးတော့မှ ကျွန်တော်တို့ကြိုးစားဆောင်ရွက်မှုတွေကြောင့်လည်း၊ နောက်တစ်ခါ အိမ်နီချင်း မိတ်ဆွေနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကနေပြီးတော့ ကာကွယ် ဆေးနဲ့ ကာကွယ်ရေးပစ္စည်းတွေ အဆင်ပြေပြေရရှိရေးကို အများကြီးဆောင်ရွက်ပေးခဲ့ တဲ့အတွက်ကြောင့် ထိန်းသိမ်းနိုင်မှုအခြေအနေများ ကောင်းလာခဲ့တာဖြစ်ပါတယ်”လို့ ဖြည့်စွက်ပြောကြားပါတယ်။

ကိုဗစ်ရောဂါ ပထမလှိုင်းဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၂၃ရက်နေ့ကနေစခဲ့ပြီး ဩဂုတ်လ ၁၅ ရက်နေ့မှာ ပြီးခဲ့​ကြောင်း၊ ဒုတိယလှိုင်းက  ပြီးခဲ့တဲ့ ၈ လ ပိုင်း ၁၆ ရက်နေ့ကနေစခဲ့ပြီး ဒီနှစ် ဇွန်လ ၂၆ ရက်အထိဖြစ်​ကြောင်း၊ မှတ်တမ်း များအရ ကြည့်မယ်ဆိုရင် အောက်တိုဘာလ ၃၁ ရက်နေ့အထိကိုဗစ်ရောဂါဖြစ်ပွားမှုက

တစ်နိုင်ငံလုံးမှာ အားလုံးပေါင်း ၅၀၀၀၇၃ ယောက်ရှိပြီး သေဆုံးသူက ၁၈၆၉၇ ယောက်၊(၃ ဒသမ ၇၄)ရာခိုင်နှုန်းရှိခဲ့​ကြောင်း၊ အဆိုးဆုံးကတော့ ဇူလိုင်လမှာ ၁၄၁၉၀၈ ယောက်ဖြစ်ခဲ့ပြီး (၃၃ ဒသမ ၃၈) ရာခိုင်နှုန်းနဲ့ အမြင့်မားဆုံးဖြစ်ပွားခဲ့ပြီး ဩဂုတ်လမှာတော့ သေဆုံးမှုအမြင့်ဆုံး ၆၀၅၅ ယောက် (၆ ဒသမ ၀၅) ရာခိုင်နှုန်း ရှိတာတာတွေ့ရ​ကြောင်း နစက ဥက္ကဌ က ၄င်း၏ မိန့်ခွန်းမှာထည့်သွင်း​ပြောကြားခဲ့တာပါ။

 ဒီနေ့ဆိုလိုရှိရင် ဖြစ်ပွားမှုရာခိုင်နှုန်းက တစ်နိုင်ငံလုံးနှင့်ကြည့်မယ်ဆိုရင် တော့ ၅ ရာခိုင်နှုန်း အောက်ကျနေပြီဖြစ်ပြီး အဓိကဖြစ်ပွားမှုနှုန်းများတဲ့ အဓိကမြို့နယ် ၁၅ မြို့နယ်ကို ဖယ်လိုက်ပါက တကယ်ဖြစ်ပွားတဲ့ ရာခိုင်နှုန်းက ၃ ရာခိုင်နှုန်း ပတ်ဝန်းကျင်ပဲရှိတာကို တွေ့ရတယ်လို့လည်း နစက ဥက္ကဌ က ဆိုပါတယ်။

 ဒါ့​ကြောင့် ရပ်ထားခဲ့ရတဲ့ ယန္တရားမျိုးစုံကို ပြန်လည်လည်ပတ်ဖို့အတွက် ဆောင်ရွက်ပေးတာတွေရှိခဲ့​ကြောင်း၊ မြို့နယ် ၅၀ ကိုလည်း Stay at Home သတ်မှတ်ချက်ကနေပယ်ဖျက်နိုင်ခဲ့​ကြောင်း၊ အခုလိုဆက်လက်ကြိုးစားဆောင်ရွက်သွားမယ်ဆိုပါက ကျန်ရှိ​နေ​သေးသည့် မြို့နယ် ၆၉ မြို့နယ်ကိုလည်း Stay at Home သတ်မှတ်ချက်ကနေပြီးတော့ လျှော့ချပြီးဆောင်ရွက်နိုင်မယ်လို့ ယူဆထားကြောင်း လည်း ကိုဗစ်ကပ်ရောဂါဘေးကိစ္စပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။