Posted 24 June 2023

တပ်မတော်သား အားကစားသမားများအနေဖြင့် ကာကွယ်ရေးနှင့်ဆိုင်သည့် ကိုယ်ခံပညာရပ်များတွင် ဆုအသီးသီးရရှိခဲ့ကြသကဲ့သို့ ရိုးရာအားကစားနည်း ပြိုင်ပွဲများတွင်လည်း ယဉ်ကျေးမှုအမွေကို လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်အောင် ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ် ဆွတ်ခူးနိုင်သည်အထိ စွမ်းဆောင်ရည်များကို ပြသနိုင်ခဲ့ကြတယ်လို့ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားပါတယ်။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ ၂၄ရက်  ကနေပြည်တော်တွင်  ကျင်းပခဲ့ရာ နစကဥက္ကဋ္ဌ ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

နိုင်ငံ့သားကောင်း၊ တပ်မတော်သားကောင်းဟူသည့် စိတ်ဓာတ်ခံယူချက်များဖြင့် အမိနိုင်ငံတော်၏အလံကို တင့်တယ်ဝင့်ထည်စွာ လွှင့်ထူနိုင်အောင် ကြိုးပမ်းခဲ့ကြခြင်းအားဖြင့် မြန်မာပီသသည့်စိတ်ကို ပြသခဲ့ကြသည့် တပ်မတော်သားအားကစားသမားများနှင့်တကွ အားကစားသမား တစ်ဦးတစ်ယောက်ချင်းစီကို ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း လည်း ဗိုလ်ချူပ်မှူးကြီးက ဆက်လက်ပြောဆိုတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်ဝှေ့၊ ဂျူဒို၊ အလေးမ၊တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း စသည့် အားကစားနည်းများမှ ကိုယ်ကာယကြံ့ခိုင်မှု အပြင်နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြရသည့်  တပ်မတော်သားများအတွက် တိုက်ပွဲဝင်အသင့်ဖြစ်စေသည့်  ကာကွယ်ရေးစွမ်းအားများကိုပါ ရရှိစေမည်ဖြစ်ကြောင်းလည်းဗိုလ်ချူပ်မှူးကြီးက ပြောဆိုခဲ့တယ်လို့သိရပါတယ်။

ထို့နောက် တပ်မတော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊နစက ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ စစ်ရေးချုပ်နှင့် စစ်ထောက်ချုပ်တို့က ဆုရရှိခဲ့ကြသည့် နိုင်ငံဂုဏ်ဆောင်အားကစားသမားများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။

အဲဒီနောက် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက်အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သားအားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများကိုယ်စား တပ်ကြပ်ကြီး စိုးပေက ကျေးဇူးတင်စကားပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။