Published 30 October 2021

ထန်တလန်မြို့ မီးလောင်ပျက်စီးမှုအပေါ် ပြောစရာစကားလုံးမရှိအောင် စိတ်မကောင်းဖြစ်မိပြီး ဒီဖြစ်စဉ်အပေါ် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဆောင်ရွက်နိုင်တာတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောကြားလိုက်ပါတယ်။

အဆိုပါဖြစ်စဉ်ဟာ တပ်မတော်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့်လို့ ပြောဆိုနေကြတဲ့အပေါ် တပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ရှိသူကလည်း ငြင်းဆိုလိုက်ပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့ မီးလောင်ထိခိုက်ပျက်စီးမှုတွေနဲ့ ပတ်သတ်ပြီး ဒေသခံပါတီတာဝန်ရှိသူတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေတာကြောင့် ဖြစ်စဉ်အသေးစိတ်ကို သေချာစွာမသိရသေးဘူးလို့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းပီပီကYangon Timesကို ပြောပါတယ်။

"ဖြစ်စဉ်နဲ့ပတ်သတ်ပြီး သေသေချာချာမသိရသေးဘူး ဖုန်းတွေလည်းမကိုင်ကြဘူး သိထားတာကတော့ အိမ်ခြေ၂၇၀လောက် မီးလောင်းတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာတောင်လည်း မတောင်းဆိုချင်ဘူး။ တောင်းဆိုရမလား ရှုံ့ချရမလားဆိုတာထက် ပြောစရာစကားလုံးမရှိအောင် စိတ်မကောင်းဖြစ်ရတယ်" လို့ ဆလိုင်းပီပီက ပြောပါတယ်။

ချင်းပြည်နယ်အခြေစိုက် သတင်းဌာနတွေက တပ်မတော်နဲ့ ချင်းပြည်အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့တွေ အကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ထန်တလန်မြိ့မှာ မီးလောင်ကျွမ်းမှုတွေ စတင်ဖြစ်ပေါ်ခဲ့တာလို့ သတင်းတွေရေးသားကြပါတယ်။

လက်ရှိဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့အကူအညီတွေ ပေးအပ်သွားဖို့စီစဉ်နေပြီး ထန်တလန်မြို့တွင်သာမက အခြားချင်းပြည်နယ်က လိုအပ်တဲ့အကူအညီတွေ ပေးသွားမယ်လို့ ဆလိုင်းပီပီပြောပါတယ်။

ချင်းပြည်နယ်ထန်တလန်မြို့ မီးလောင်မှုဖြစ်စဉ်မှာ တပ်မတော်ကဆောင်ရွက်တာမဟုတ်ပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လှည့်ကင်းဆောင်ရွက်နေစဉ် လက်နက်ကိုင်အဖွဲတစ်ခုက ချောင်းမြောင်းတိုက်ခိုက်တာကြောင့် လိုက်လံရှင်းလင်းစဉ် ပစ်ခတ်ခဲ့သည့် လက်နက်ကိုင်အဖွဲ့တွေက မီးရှို့ကာဆုတ်ခွာထွက်ပြေးခဲ့တာလို့ နစကရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

 "ဖြစ်စဉ်ကတော့ အောက်တိုဘာလ၂၉ရက်နေ့ မနက်၁၁နာရီ ၄၅လောက်မှာ ထန်တလန်မြို့မှာ လုံခြုံရေးတာဝန်ကျနေတဲ့ တပ်မတော်ရယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရယ်က မြို့တွင်းလုံခြုံရေး လှည့်ကင်းဆောင်ရွက်ပါတယ်။ ဆောင်ရွက်နေစဉ် ထန်တလန်မြို့ အမှတ်၁ရပ်ကွက်အရောက်မှာ လမ်းဘေးကနေပြီးတော့ PDFအဖွဲ့ကနေပြီး တော့လက်လုပ်မိုင်း ၃လုံးခွဲပြီးတော့ တိုက်ခိုက်ခဲ့တယ်။ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

အဲ့ဒီလိုမျိုး ပစ်ခတ်ခဲ့တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ ပြန်လည်ပစ်ခတ်တဲ့နေရာမှာ PDFအဖွဲ့တွေက လူနေအဆောက်အအုံတွေကို အကာအကွယ်ယူပြီး နောက်ကတပ် လိုက်လာလို့မရအောင် အိမ်လေးလုံးကို မီးရှို့ခဲ့ပြီး ဆုတ်ပြေးသွားတယ်။ အဲ့ဒီဖြစ်စဉ်မှာ ကျွန်တော်တို့ဆီက စစ်သည်တစ်ယောက် ကျဆုံးခဲ့ပါတယ်။" ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"အဲ့အဖွဲ့တွေကို လိုက်ရှင်းပြီးပြန်လာတဲ့အခါမှာ မီးလောင်နေတာတွေ့လို့ မီးငြိမ်းသတ်ဖို့ လုံခြုံရေးတပ်ဖွဲ့သွားရောက်ခဲ့ပါတယ်။ သွားခဲ့တဲ့အခါမှာလည်း လူနေအဆောက်အအုံတွေကိုပဲ အကာအကွယ်ယူပြီး မီးငြိမ်းသတ်ဖို့လာတဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာဝန်ထမ်းတွေကို ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ ဒါ့ကြောင့် မီးမငြိမ်းသတ်နိုင်ပဲ မီးလောင်ခဲ့ပါတယ်။ ဒါတွေသည် တပ်မတော်ကတောင်ရွက်တာမဟုတ်ဘူး PDFအဖွဲ့တွေကနေ လှည့်ကင်းဆောင်ရွက်နေတဲ့ အဖွဲ့တွေကို ပစ်ခတ်တယ် သူတို့နောက်ကိုလိုက်ပြီး ရှင်းတဲ့အခါမှာ မီးရှို့ထွက်ပြေးခဲ့တာဖြစ်ပါတယ်” လို့ မီးမငြိမ်းသတ်နိုင်ခဲ့ရတဲ့ အကြောင်းရင်းကို ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထုတ်ပြန်ချက်ထဲမှာ ဆက်လက်ပြောကြားခဲ့ပါတယ်။