၁၇ ဇွန် ၂၀၂၃

လာမယ့်တနင်္ဂနွေနေ့မှာ မြန်မာနစကနှင့် ဖိတ်ကြားထားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အပြည့်အဝ ပြန်လည်ထိတွေ့ဆက်ဆံရေးကိစ္စ  အလွတ်သဘော ဆွေးနွေးပွဲတစ်ရပ်ကို ထိုင်းနိုင်ငံမှာ ကျင်းပဖို့ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

အဲဒီအစည်းအဝေးမှာ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကိုဆွေးနွေးကြမယ်လို့လည်းသတင်းမှာဖော်ပြထားပါတယ်။

အဲဒီအစည်းအဝေးအတွက် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝင်င်နိုင်း က အာဆီယံအသင်းကြီးဆီကို ဇွန် ၁၄ရက်က အဆိုပြုစာတစ်စောင်ပေးပို့ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လက အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ခြင်း ရပ်ဆိုင်းပစ်ဖို့ တောင်းဆိုထားပါတယ်။ တနင်္ဂနွေနေ့ အစည်းအဝေးကို မြန်မာနစကရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို ဖိတ်ကြားထားတယ်လို့ သတင်းအရင်းအမြစ်နှစ်ခုက ရိုက်တာကိုအတည်ပြုပေးတယ်လို့သိရပါတယ်။ ဒါပေမယ့် အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားကတော့ အစည်းအဝေးကိုတက်ရောက်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက အဲဒီအစည်းအဝေကိစ္စ မကြားဖူးဘူးလို့လည်း ရိုက်တာသတင်းဌာနကိုပြောပါတယ်.

ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အဆိုပြုစာထဲမှာ ဒီအစည်းအဝေးဟာ ငြိမ်းချမ်းရေးအစီအစဉ်အတွက် ကနဦးခြေလှမ်းရဲ့ အစိတ် အပိုင်းတစ်ခုဖြစ်ပြီး ထိပ်သီးအစည်းအဝေးမှာ အာဆီယံဟာ မြန်မာနိုင်ငံကို‌ ခေါင်းဆောင်အဆင့် အပြည့်အဝေပြန်လည် ထိတွေ့ဆက်ဆံမှုပြုလုပ်သင့်တယ်လို့ ရေးသားထားပါတယ်။

သတင်းအရင်းအမြစ်- ရိုက်တာ

#YangonMediaGroup

#YangonTimes