#Local_News
Published_ 6 June 2023


မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက်ဘင်္ဂလားဒေ့ရှ်မှကူညီကယ်ဆယ်ရေးပစ္စည်းနှင့် စားသောက်ဖွယ်ရာများလှူဒါန်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်စစ်ရေယာဥ်ဖြင့်
ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်၊၊

 

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် တိုင်းနှင့်ပြည်နယ်များရှိ ရပ်ကွက်၊ ကျေးရွာများမှ မုန်တိုင်းဒဏ်သင့်ပြည်သူ များအားကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်၊၊

 

ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ဘင်္ဂလားဒေ့ရှ်ရေတပ်မှစစ်ရေယာဥ် BNS SOMUDRA JOY(F-28)မှ ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ ပို့ဆောင်ပေးခဲ့ပြီး လာရောက်လှူဒါန်းသည့် ပစ္စည်းများတွင်ဆန်၊ ဆီ၊ ဆား၊ ပဲ၊ သကြား၊ ငရုတ်သီးမှုန့်၊ နနွန်းမှုန့်၊ ဟင်းခတ်အမွှေးအကြိုင်မှုန့်၊ ရွက်ဖျင်တဲ၊ ဆေးဝါးပစ္စည်းများနှင့် ရေသန့်ဆေးပြားစသည်တို့ပါဝင်ပြီး စုစုပေါင်းတန်ချိန် (၁၂၀) တန်ခန့်ရှိသည်ဟုဆိုသည်၊၊

 

ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ်အား မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးယာယီတာဝန်ခံ Mr. ASM Sayem၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်စစ်သံမှူးနှင့် တာဝန်ရှိသူများ၊ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်၊၊

 

အဆိုပါ ဘင်္ဂလားဒေ့ရှ်စစ်ရေယာဉ်ဖြင့်ရောက်ရှိလာသော ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာပစ္စည်းများအား စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ဒေသများသို့ အမြန်ဆုံးရောက်ရှိစေရေးနှင့် ဆက်လက်ဖြန့်ဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်၊၊

 

#ymg/tthl #Local_News #ဘင်္ဂလားဒေ့ရှ်မှကယ်ဆယ်ရေးပစ္စည်း #ရန်ကုန်သို့ပို့ ဆောင် #YMG #Yangon_Media_Group