#Local_News
Published _6 June 2023

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံး ပလတ်စတစ်ညစ်ညမ်းမှုမှကင်းဝေးပြီး ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့ (Solutions to Plastic Pollution)” ဆိုသည့် ၂၀၂၃ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်နှင့်အညီ ပလတ်စတစ် ညစ်ညမ်းမှုကို လျော့ကျစေရန် 3R စနစ်ဖြစ်သည့် ပလတ်စတစ်သုံးစွဲမှုကိုလျှော့ချခြင်း (Reduce)၊ တစ်ခါသုံး ပလတ်စတစ်သုံးစွဲမှုရှောင်ကြဉ်ပြီး ပြန်လည်အသုံးပြုခြင်း (Reuse)နှင့် စွန့်ပစ်ပလတ်စတစ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း (Recycle)တို့ကို ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးတွင် ပူးပေါင်းဖြေရှင်းကြရန်နစကဥက္ကဌကတိုက်တွန်း လိုက်သည်။

 

၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇွန်လ ၅ ရက်က ပြည်တော်ရှိ၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန -၂ ၌ကျင်းပစဥ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်းတိုက်တွန်းလိုက်ခြင်းဖြစ်သည်။

 

ယခုနှစ်ဆောင်ပုဒ်ဖြစ်သော“ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ (Solutions to Plastic Pollution)”၏ ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝန်းလုံးရှိ လူသားတို့၏ပြုမူဆောင်ရွက်ချက်များကြောင့် ဖြစ်ပေါ်လာသည့် ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ်ဆိုင်ရာ အကျိုးဆက်များကို နိုင်ငံများအားလုံး ဖြေရှင်းဆောင်ရွက်ရန်၊ ပလတ်စတစ်ညစ်ညမ်းမှု ကိုင်တွယ်ဖြေရှင်း ခြင်းကို အရှိန်မြှင့်တင်ဆောင်ရွက်ရန်၊ စွန့်ပစ်ပစ္စည်းအနည်းဆုံးနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေသည့် ပတ်လည် စီးပွားရေးလုပ်ငန်း(Circular Economy) သို့ အသွင်ကူးပြောင်းရန် အချိန်ကျရောက်ပြီဖြစ်သည်ကို သတိပေးခြင်းအဓိပ္ပါယ်သက်ရောက်ကြောင်း သိရသည်။

 

ကမ္ဘာပေါ်ရှိ လူတစ်ဦးချင်းစီသည် ယေဘုယျအားဖြင့် တစ်နှစ် လျှင် ပျမ်းမျှပလတ်စတစ်အမှုန်ပေါင်း ၅၀,၀၀၀ နှင့် အထက်ခန္ဓာကိုယ်အတွင်းကို အကြောင်းအမျိုးမျိုးနှင့် ရောက်ရှိလျက်ရှိကြောင်းကို ကုလသမဂ္ဂပတ်ဝန်းကျင် အစီ အစဉ်က ထုတ်ပြန်သည့်သတင်းအချက်အလက်များတွင်‌ ဖော်ပြထားကြောင်း သိရသည်။

 

ပလတ်စတစ်ထုတ်လုပ်မှု၊ သုံးစွဲမှုနှင့် စွန့်ပစ်မှုပုံစံများကို မပြောင်းလဲပါက ရေနေဂေဟစနစ်အတွင်း ပလတ်စတစ်အမှိုက်ဝင်ရောက်မှု ပမာဏမှာ တစ်နှစ်လျှင်တန်ချိန် ၁၉ သန်းမှ ၂၃ သန်းအထိရှိနေပြီး ၂၀၄၀ ပြည့်နှစ်တွင် သုံးဆနီးပါးတိုးလာနိုင်ကြောင်း ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်က သိရသည်။

 

၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization- FAO)က ထုတ်ပြန်သည့် “၂၀၂၂ ခုနှစ် ကမ္ဘာလုံးဆိုင်ရာငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းအစီရင်ခံစာ(The State of World Fisheries and Aquaculture 2022)” တွင် ပင်လယ်နေသတ္တဝါများကို အလွန်အကျွံဖမ်းဆီးခြင်း၊ ရေထု ညစ်ညမ်းခြင်း၊ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းနှင့် အခြားအကြောင်းများကြောင့် ရေနေသတ္တဝါများနှင့် ရေသယံဇာတများ ဆက်လက်ကျဆင်းနေသည်ကိုတွေ့ရှိရကြောင်း၊ စွန့်ပစ်ထားသည့်ငါးဖမ်းပိုက်များ၊ ပျောက်ဆုံးသွားသည့် ငါးဖမ်းပိုက်များ၊ အသုံးပြု၍မရတော့ သည့် ငါးဖမ်းပိုက်များသည် အဏ္ဏဝါပလတ်စတစ်အမှိက်သရိုက်များ၏ စိန်ခေါ်မှုသည် ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုဖြစ်ကြောင်းဖော်ပြထားသည်။

 

အာဆီယံဒေသတွင်း အဏ္ဏဝါအမှိက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက် ကြေညာစာတမ်းနှင့် အာဆီယံမူဘောင်ကို ၂၀၁၉ ခုနှစ်တွင် အတည်ပြုခဲ့ရာ မြန်မာ နိုင်ငံက ပူးပေါင်းပါဝင်ခဲ့ပြီး အဏ္ဏဝါအမှိက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ဒေသတွင်း (၂၀၂၁-၂၀၂၅) လုပ်ငန်းအစီအစဉ်၌ မြန်မာနိုင်ငံအနေဖြင့် အခြားအာဆီယံ နိုင်ငံများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် “မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာ” နှင့် “ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)” တွင် ရည်မှန်းချက် ပန်းတိုင်(၆)ခုကို အခြေခံချမှတ်ထားပြီး ပလတ်စတစ်ညစ်ညမ်းမှုကို အဓိကဦးစားပေး ဖြေရှင်းရန် သတ်မှတ်ထားပါကြောင်း၊ မြန်မာနိုင်ငံသည်  “ဘေးအန္တရာယ်ဖြစ်စေသော စွန့်ပစ်ပစ္စည်းများနှင့် ၎င်းတို၏စွန့်ပစ်မှုအား နယ်စပ်ဖြတ်ကျော်သယ်ဆောင်ခြင်းကို ထိန်းချုပ်ခြင်းဆိုင်ရာ ဘာဆယ်ကွန်ဗင်းရှင်း”၏ အဖွဲ့ဝင်နိုင်ငံအနေဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများတင်သွင်း၊ တင်ပို့ခြင်းကိစ္စရပ်များအပေါ် ကွန်ဗင်းရှင်းပါ ကတိကဝတ် များနှင့်အညီ “ပတ်ဝန်းကျင်မထိခိုက်စေသော ခိုင်လုံသည့်အစီအမံ (Environmentally Sound Management)” နှင့် ဆောင်ရွက်လျက်ရှိကြောင်းလည်း နစက ဥက္ကဌ ကပြောသည်။

 

မြန်မာနိုင်ငံသည် မြေပေါ်သယံဇာတဖြစ်သည့် သစ်နှင့်ဝါးကုန်ကြမ်းများ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သောကြောင့် တစ်ခါသုံးပလတ်စတစ်အစားထိုးသုံးပစ္စည်း များကိုစနစ်တကျထုတ်လုပ်နိုင်သည့် အခြေခံများရှိပြီးဖြစ်၍ သဘာဝပတ်ဝန်း ကျင်ကို ထိန်းသိမ်းသည့်အနေဖြင့် သစ်တောများ စနစ်တကျပြုပြင်ထိန်းသိမ်း စိုက်ပျိုး ထုတ်လုပ်ခြင်းကို ကမ္ဘာတွင်စံပြအဖြစ် ကောင်းစွာပြုလုပ်နိုင်ကြောင်း၊ ပလတ်စတစ် အစားထိုးစက္ကူမျိုးစုံ ထုတ်လုပ်ခြင်းကို သစ်တောများ ပြန်လည်ထိန်းသိမ်းခြင်း အနေဖြင့်ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း

 

ပြည်တွင်းမှ ပလတ်စတစ်စွန့်ပစ်ပစ္စည်းအပါအဝင် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့် စွန့်ပစ်ပစ္စည်းများကို တတ်နိုင်သမျှလျှော့ချရန်၊ ပြန်လည်သုံးစွဲ ရန်နှင့် စွန့်ပစ်ပစ္စည်းများကို ပြန်လည်ပြုပြင်ထုတ်လုပ်သည့် ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို အားပေးဆောင်ရွက်ရန်၊ မလိုလားအပ်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများမှ ရှောင်ရှားနိုင်ရန်ပြည်ပနိုင်ငံများက စွန့်ပစ်ပစ္စည်းများ တင်သွင်းလာမှုတွေမရှိစေရေး အတွက်အထူးအလေးထားရန် ၊ နိုင်ငံ အတွင်း စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို လက်တွေ့ဆောင်ရွက်နေကြသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်သည့် စနစ်နှင့် အမှိုက်ခွဲခြားသိမ်းဆည်းသည့် စနစ်တို့ကိုလည်း ပိုမိုကောင်းမွန်လာစေရေး အကောင်အထည်ဖော်ရန်လည်း နစကဥက္ကဌက ပြောသည်။

 

ယင်းအခမ်းအနားတွင်နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သဝဏ်လွှာဗီဒီယိုနှင့် ကုလသမဂ္ဂပတ်ဝန်းကျင် အစီ အစဉ်(UNEP)၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သဝဏ်လွှာ ဗီဒီယိုကိုပြသခဲ့‌ကြောင်း သိရသည်။

#ymg/BM #Local_News #ပလတ်စတစ်ညစ်ညမ်းမှု
#YMG #Yangon_Media_Group