#Local_News
Published _6 June 2023

သရုပ်ဆောင်၊ အဆိုတော် လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သူများကို ဖမ်းမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

ဇွန်လ ၄ ရက် နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသားအဆောင် ၁ ခု၌ ဒေါ်လီလီနိုင်စိုး (ခ)လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကောင်းဇာနည်ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ) အီးတီတို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ကောင်းဇာနည်ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ) အီးတီတို့ ၂ ဦးသည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် KNLA တပ်မဟာ(၁) လှုပ်ရှားနယ်မြေ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၁ လတက်ရောက်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် Special Test Force - STF အမည်ခံအကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ကာ ကော့ကရိတ်မြို့နယ်၊ ဘော်ဒိုင်းကျေးရွာအနီး၌ STF. အမည်ခံအကြမ်းဖက် အဖွဲ့မှ ဖွင့်လှစ်သည့် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၁ လ ထပ်မံတက်ရောက် ခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ STF အမည်ခံအကြမ်းဖက်အဖွဲ့ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် တရားခံပြေး ဒီငြိမ်းလင်း နှင့် ဟေဇယ် တို့မှ ခေါင်းဆောင်၍ KNLA တပ်မဟာ(၆)လှုပ်ရှားနယ်မြေ၊ ကော့ကရိတ်မြို့ နယ်၊ ဘော်ဒိုင်းကျေးရွာအနီးရှိ STF စခန်းတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။

 

ယင်းနောက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် STF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များ ခိုအောင်းနေထိုင်လျက်ရှိသည့် ဘော်ဒိုင်း ကျေးရွာအနီးရှိ စခန်းကို တပ်မတော်စစ်ကြောင်းများမှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်မှုကြောင့် ကော့ကရိတ်မြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေခဲ့ ရကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် တရားခံပြေး ဒီငြိမ်းလင်း မှ STF အမည်ခံအကြမ်းဖက် အဖွဲ့ဝင် ၂၆ ဦးအား အဖွဲ့များခွဲကာ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

ဖမ်းဆီးရမိသူ ကောင်းဇာနည်ဟိန်း(ခ)လပြည့်နှင့် ကျော်သူရ(ခ) အီးတီတို့ ၂ ဦးသည် ကော့ကရိတ်မြို့နယ်အတွင်းမှ ရန်ကုန်မြို့ သို့ ပြန်လာခဲ့ပြီး ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသားအဆောင် ၁ ခုတွင် တစ်လလျှင် ၁ သိန်းကျပ်ဖြင့် အခန်းငှားနေထိုင်ခဲ့ကြောင်း၊ ၎င်းနောက် ကောင်းဇာနည်ဟိန်း(ခ)လပြည့်သည် ဘုရင့်နောင်ကုန်စည်ပွဲရုံဝင်းအတွင်းရှိ ကားဝပ်ရှော့တစ်ခု၌လည်းကောင်း၊ ကျော်သူရ (ခ)အီးတီသည် မင်္ဂလာဒုံမြို့ နယ်၊ သင်္ကန်းကျွန်းကြီးရပ်ကွက်ရှိ လေထိုးကျွတ်ဖာဆိုင် တစ်ခု၌လည်းကောင်း ကြုံရာကျပန်းဝင်ရောက်လုပ်ကိုင်၍ တရားခံပြေး ဒီငြိမ်းလင်း မှ ခိုင်းစေမည့် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် စောင့်ဆိုင်းခဲ့ကြောင်း သိရသည်။

 

ထိုသို့ နေထိုင်စဉ် ကာလအတွင်း STF အမည်ခံအကြမ်းဖက်အဖွဲ့မှ တရားခံပြေး ဒီငြိမ်းလင်း၊ ဟေဇယ်၊ ယသော် နှင့် နွေနွေတို့ ၄ ဦးသည် ရန်ကုန်မြို့အတွင်း ရောက်ရှိ နေသော STF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား Telegram မှတစ်ဆင့် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန် ခိုင်းစေခဲ့ကြောင်း ၊
တရားခံပြေး ဒီငြိမ်းလင်းနှင့် ဟေဇယ်မှ ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်တွင် ဒေါ်လီလီနိုင်စိုး (ခ) လီလီနိုင်ကျော်၏ ဓာတ်ပုံနှင့် အချက်အလက်များကို Telegram မှတစ်ဆင့်ပေးပို့၍ လုပ်ကြံသတ်ဖြတ်ရန် ခိုင်းစေခဲ့ပြီး မေလ ၂၈ ရက်တွင် Sig Sauer ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၎င်းကျည် ၂၀ တောင့်တို့ကို တရားခံပြေး ဟေဇယ်မှ ပေးပို့ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

ကောင်းဇာနည်ဟိန်း(ခ) လပြည့်နှင့် ကျော်သူရ(ခ)အီးတီတို့သည် ဒေါ်လီလီနိုင်စိုး(ခ) လီလီနိုင်ကျော်အား လုပ်ကြံ သတ်ဖြတ်ရန်အတွက် ၎င်းနေထိုင်သည့် တိုက်ခန်းအနီးသို့ နေ့စဉ်သွားရောက်၍ အခြေအနေ စောင့်ကြည့်ခဲ့ပြီး မေလ ၃၀ ရက် ညနေပိုင်းတွင် ကောင်းဇာနည်ဟိန်း (ခ)လပြည့် သည် ဒေါ်လီလီနိုင်စိုး(ခ)လီလီနိုင်ကျော် အား ၎င်း၏ နေအိမ်ရှေ့၌ လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် လက်နက်၊ခဲယမ်းများကို မေလ ၃၁ ရက်တွင် တရားခံပြေး ယသော်၏ စီစဉ်ပေးမှုဖြင့် STF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ၁ ဦးထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် ဒေါ်လီလီနိုင်စိုး(ခ)လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ရန်အတွက် တရားခံပြေး ဒီငြိမ်းလင်း နှင့် ဟေဇယ် တို့မှ ငွေကျပ် ၃ သိန်းကို Wave Pay မှတစ်ဆင့်ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

ယခုအခါ ဖမ်းဆီးရမိသူများကို ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

#ymg/BM #Local_News #အဆိုတော်လီလီနိုင်ကျော် #လုပ်ကြံသတ်ဖြတ်ခဲ့သူများကိုဖမ်းမိ
#YMG #Yangon_Media_Group