#Local_News
Published_5 June 2023

ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်း(အောက်လမ်း)ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးတွင် ယနေ့ ဇွန်လ ၅ ရက် မွန်းလွဲပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ဝန်ထမ်းများနှင့်အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ကျောက်တံတားမြို့နယ်၊ (၄) ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံး(၃)၊ (၃)လွှာတွင် အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပန်းဆိုးတန်းလမ်းကို မဟာဗန္ဓုလလမ်းထိပ်မှ ကမ်းနားလမ်းအထိ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါပေါက်ကွဲမှုကြောင့် ကုမ္ပဏီများဆိုင်ရာ အခွန်ဌာနမှ မဖြိုးဖြိုးအောင်(ဒုဦးစီးမှူး)၊ မမြတ်မှူးခင်၊ ဒေါ်ခင်လတ်၊ မအဉ္စနတို့နှင့် ကုမ္ပဏီများဆိုင်ရာအခွန်ဌာနသို့ လာရောက်သည့် ပြင်ပ အရပ်သား မဆုနှင်းဦးနှင့် မချယ်ရီတို့ ၆ ဦးတွင် ဒဏ်ရာ များရရှိခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ ဒဏ်ရာများကြောင့် လက်ရှိတွင် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကာ ကုသမှုခံယူနေကြကြောင်းနှင့် စိုးရိမ်ရန်မရှိကြောင်းလည်း သိရသည်။

 

#ymg/BM #Local_News #ပြည်တွင်းအခွန်ရုံးပေါက်ကွဲမှုဖြစ် #ဝန်ထမ်းများနှင့် အရပ်သား၆ဦးဒဏ်ရာရ #YMG #Yangon_Media_Group