#Local_News
Published_ 30 May 2023

၂၀၂၃ ခုနှစ်၊ဇန်နဝါရီ(၁)ရက်မှမေ(၂၀)ရက်အထိ မြန်မာနိုင်ငံတွင်သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ(၁၇၁၇) ဦးနှင့်သေဆုံးသူ (၇)ဦးရှိခဲ့ပြီးရောဂါကာကွယ်နှိမ်နင်းရေးများကိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်ရှိကြောင်းသိရသည်၊၊

မေလ(၂၉)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် 'သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး'၌ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်ဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၏ထည့်သွင်းပြောကြားချက်အရသိရခြင်းဖြစ်သည်၊၊

အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၂၀ ရက်အထိ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၁,၇၁၇) ဦးနှင့် သေဆုံးသူ (၇)ဦးရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ဖြစ်ပွားမှု များပြားနေသည်ကို တွေ့ရှိရကြောင်း ထည့်သွင်းပြောကြားခဲ့သည်၊၊

သွေးလွန်တုပ်ကွေးရောဂါသည် ထိရောက်သောကာကွယ်ဆေးများ မရှိသေးခြင်း၊ ကုသရန် ဗိုင်းရပ်စ် ပိုးသတ်ဆေးများ မရှိသေးသည့်အတွက်ကြောင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဂရုစိုက်ဆောင်ရွက်ရန်လိုပါကြောင်း၊  ခြင်မပေါက်ပွားစေရန် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းနှင့် ခြင်ကျားပိုးလောက်လမ်းနှိမ်နင်းခြင်း၊ သက်ကြီးကောင် ခြင်နှိမ်နင်းခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ခြင်မကိုက်အောင် နေထိုင်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါသည် မူကြိုအရွယ် ကလေးများနှင့် မူလတန်းကျောင်းသူ/ ကျောင်း သားများဖြစ်သည့် အသက် ၅ နှစ်မှ ၉နှစ် အရွယ်တွင် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်၍ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ “ခြင်ကျား လောက်လမ်းကင်းစင် ကျောင်းများ” ထူထောင်ခြင်းကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းထည့်သွင်းပြောခဲ့သည်၊၊

မြန်မာနိုင်ငံတွင် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားသည့် အသက်အရွယ်ကို လေ့လာသုံးသပ်ချက်အရ ယခင်က အသက် (၁၅) နှစ်အောက်တွင် ဖြစ်ပွားမှုများပြားသော်လည်း လွန်ခဲ့သည့် (၁၀) နှစ် ကျော်မှစ၍ အသက် (၁၅) နှစ်အထက် အသက်အရွယ်အုပ်စုများတွင်ပါ ဖြစ်ပွားမှုများပြားလာသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် (၂၀၂၀)ခုနှစ်တွင် ရောဂါ ဖြစ်ပွားသူ (၁၅,၁၃၁)ဦး၊ သေဆုံးသူ (၆၈)ဦး၊ (၂၀၂၁)ခုနှစ်တွင်  ဖြစ်ပွားသူ (၅,၄၄၆) ဦး၊သေဆုံးသူ (၃၆) ဦးနှင့် (၂၀၂၂) ခုနှစ်တွင် ဖြစ်ပွားသူ (၂၄,၉၇၁) ဦး ၊ သေဆုံးသူ (၉၇) ဦးရှိခဲ့ပြီး နှစ်စဉ်ရောဂါကြောင့် ပျမ်းမျှသေဆုံးမှုအနေဖြင့် (၀.၄) ရာခိုင်နှုန်း ခန့်ရှိ၍ သေဆုံးမှုနှုန်းအနေဖြင့် ဒေသတွင်းနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်မားခြင်းမရှိသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်၊၊
ymg/tthl
#Local_News #(၅)လတာအတွင်းသွေးလွန်တုပ်ကွေးဖြစ်သူ #(၇)ဦးသေဆုံးခဲ့
#YMG #Yangon_Media_Group