#Local_News
Published_30 May 2023

ခေတ်သစ်စစ်နည်း ဗျူဟာများ ပြောင်းလဲလာသဖြင့် ခေတ်သစ်စစ်ပွဲများ နှင့် ပတ်သက်၍မျက်ခြည်မပြတ်လေ့လာနေရန်လိုကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဟိုပုံး တပ်နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံမှ နည်းပြအရာရှိများနှင့်သင်တန်းသားများအား  မေလ ၂၉ ရက် တွင် ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် သင်တန်းကျောင်းများ အလိုက် သက်ဆိုင်ရာစစ်သည်တော်များကို မွေးထုတ်ပေးလျက်ရှိရာ ယခုသင်တန်း တွင် တက်ရောက်နေကြသူများအား တပ်မတော်အင်ဂျင်နီယာကဏ္ဍ စွမ်းပကားများ တိုးတက်မြင့်မားလာစေရေး လေ့ကျင့်သင်ကြားပေးနေခြင်းကြောင့် သင်တန်းသားများအနေဖြင့် သင်ကြားပေးသည့် အင်ဂျင်နီယာ ဘာသာရပ်များကို အမှန် တကယ် ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်သင်ယူကြရန်လိုကြောင်း ပြောကြားခဲ့သည်။

သင်တန်းဆင်းပြီးနောက် သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များအလိုက် ရောက်ရှိတာဝန်ထမ်းဆောင်ချိန်တွင် သင်ကြားပေးလိုက်သည့် ပညာ ရပ်များ မှန်မှန်ကန်ကန် အသုံးချပြီး ပေးအပ်သည့်တာဝန်များကို  ကျေပွန်အောင် ထမ်း ဆောင်ကြရန်၊သင်တန်းသားများအားလုံး အရည် အချင်းပြည့်မီသူများဖြစ်လာစေရေးအတွက် နည်းပြများမှ ကြပ်မတ်လေ့ကျင့်သင်ကြား ပေးသွားရန်၊သင်တန်းသားများအားလုံး စစ်အတတ်ပညာနှင့် လုပ်ငန်း အတတ်ပညာများတွင် အရည်အချင်းပြည့်မီသူများဖြစ်ရန်၊
ပညာဟူသည်မှာသင်တန်းကျောင်းမှ သင်ကြားပေးလိုက်သည်နှင့် မပြီးဆုံးဘဲ ကိုယ်တိုင် လည်း အမြဲမပြတ်လေ့လာနေရန် လည်း ပြောကြားခဲ့သည်။

အင်ဂျင်နီယာ ဘာသာရပ်များကို သင်ယူရာတွင် အင်္ဂလိပ်စာသည် မဖြစ်မနေ တတ်မြောက်ထားရန် လိုသည့်အတွက် လေ့လာလေ့ကျင့်သွားရန်၊  ယနေ့ခေတ်တွင် ခေတ်သစ်စစ်နည်း ဗျူဟာများ ပြောင်းလဲလာသည်ကိုတွေ့ရသည့်အတွက် ခေတ်သစ်စစ်ပွဲများ နှင့် ပတ်သက် ၍လည်း မျက်ခြည်မပြတ်လေ့လာနေရန်လိုကြောင်း နစက ဥက္ကဌက ထည့်သွင်း ပြောကြားခဲ့သည်။

တပ်မတော်သားအားလုံးသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှ မပါရှိဘဲ မိမိတို့တစ်ဦးတစ်ယောက်ချင်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန် တပ်မတော်သို့ ဝင်ရောက်အမှုထမ်းခဲ့ကြသူ များဖြစ်ကြောင်း၊ တပ်မတော်အတွင်း၌ မှန်မှန်ကန်ကန်ဖြင့် ထိန်းထိန်းသိမ်းသိမ်းနေထိုင် ဆောင်ရွက်မည်ဆိုပါက ဘဝအတွက် တိုးတက်မှုများကိုရရှိမည်ဖြစ်ကြောင်း၊ မိမိတို့၏ ရည်မှန်းချက်များပျောက်ဆုံးမှုမရှိစေရေး မိမိ ကိုယ်ကို ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပြီး မိမိတို့ဘဝကို ထိခိုက်ပျက်စီးစေနိုင်သည့် မူးယစ်သောက်စားမှုများနှင့် အပျော်အပါးများကို ရှောင်ကြဉ်ရန်လိုကြောင်းတို့ကလည်း ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
ymg/pl
#YMG #Yangon_Media_Group