#Local_News
Published_ 15 May 2023

စစ်တွေ ဆိပ်ကမ်းကိုအခြေပြု၍ စစ်တွေ အထူးစီးပွားရေးဇုန်တစ်ခုလည်း ပေါ်ပေါက်လာမည့် အလားအလာကောင်းများ ရှိနေပြီ ဟု မေလ ၁၄ ရက်က အမျိုးသားကဇတ်ရုံ၌ ပြုလုပ်သည့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံချစ်ကြည်ရေးနှင့် သံတမန်ဆက်ဆံခြင်း(၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့သည်။

ယင်းက နှစ်နိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးမှုလုပ်ငန်းများဖြစ်သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်း တို့ကိုလည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ယင်း ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်းအနေဖြင့် ကုလားတန်မြစ်ကြောင်းတစ်လျှောက် စစ်တွေဆိပ်ကမ်းမှ အိန္ဒိယ နိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်အထိ ဆက်သွယ်ပေးမည်ဖြစ်၍ ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ်မှ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ကောင်းမွန်လာနိုင်သည့်အပြင် ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသည့် စီမံကိန်းတစ်ခုဖြစ်လာကာ ကုလားတန်စီမံကိန်းတွင် ပါဝင်သည့် စစ်တွေ ဆိပ်ကမ်းကို အခြေပြုပြီး စစ်တွေ အထူးစီးပွားရေးဇုန်တစ်ခုလည်း ပေါ်ပေါက်လာမည့် အလားအလာကောင်းများ ရှိနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အလားတူ ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ စွမ်းအင်၊ အစားအစာနှင့် အဝတ်အထည်ချုပ်လုပ်ငန်းများ၊ နည်းပညာ၊ ကျန်းမာရေး၊ ပညာရေးနှင့်ကျွမ်းကျင်မှုသင်တန်း၊ ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းများ၊ ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ ဘဏ်နှင့် ငွေရေးကြေးရေးလုပ်ငန်းတို့ အပေါ် တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ စိတ်ဝင်စားမှု ထပ်တူညီသည့်အတွက် နှစ်နိုင်ငံ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ သံတမန် ဆက်ဆံရေးကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံလွတ်လပ်ရေး ရသည့် နေ့၌ပင် စတင်ထူထောင်ခဲ့ခြင်းဖြစ်သည့်အတွက် ယခုအခါ (၇၅)နှစ်မြောက် စိန်ရတုတိုင် ခဲ့ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ၁၉၅၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်တွင် “ငြိမ်းချမ်း ရေးနဲ့ ချစ်ကြည်ရေးစာချုပ်” (Treaty of Peace and Friendship) ကို ချုပ်ဆိုခဲ့ကြပြီး ၁၉၅၅ ခုနှစ်တွင်အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒေါင်းမြို့၌ ကျင်းပခဲ့သည့် ဘန်ဒေါင်း ညီလာခံတွင် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေးမူကြီး (၅)ချက် (Five Principles of Peaceful Coexistence) ” ၌ အတူတကွ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြကြောင်းလည်း သိရသည်။

လွန်ခဲ့သော ၁၉၅၄ ခုနှစ်က မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးအကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ ရစဉ် အိန္ဒိယနိုင်ငံက ဆန်တန်ချိန် (၉)သိန်း ရောင်းချပေး ခဲ့ကြောင်း၊၁၉၇၀ ပြည့်နှစ်တွင် မြန်မာ-အိန္ဒိယ ကုန်သွယ်မှု သဘောတူညီချက်ကို လက်မှတ် ရေးထိုးပြီးနောက်ပိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုသည် တစ်ဖြည်းဖြည်း တိုးတက်လာခဲ့ကာ အခုအခါ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပဉ္စမမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ၊ ပို့ကုန်တင်ပို့မှုတွင် စတုတ္ထမြောက်နှင့် သွင်းကုန်တင်သွင်းမှုမှာ ဆဋ္ဌမ မြောက် အများဆုံးနိုင်ငံဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံက ပဲနှင့် အခြားထွက်ကုန်များကို အိန္ဒိယ ကို တင်ပို့နေခြင်းဖြစ်သကဲ့သို့ အိန္ဒိယနိုင်ငံကလည်း မြန်မာနိုင်ငံကို ဆေးဝါးနှင့် စက်မှုပစ္စည်းများတင်သွင်းမှုအပြင် နည်းပညာ အထောက်အပံ့များလည်း ပေးအပ်လျက် ရှိကြောင်း။

လူမှုရေးအကူအညီများအဖြစ် ၂၀၁၆ ခုနှစ်တွင် ငလျင်ဒဏ်ခံခဲ့ရသည့် ပုဂံဘုရား များကို ပြုပြင်ရာတွင် အိန္ဒိယအစိုးရက လှူဒါန်းမှုများ ပြုလုပ်ခဲ့သကဲ့သို့ လက်ရှိကမ္ဘာ တစ်ဝန်း ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးအတွက် အိန္ဒိယ နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covishield (၁၃ ဒသမ ၄) သန်းကို ရောင်းချ ပေးသည့်အပြင် Sasakawa ဖောင်ဒေးရှင်းက Covaxin (၂)သန်းနှင့် အိန္ဒိယအစိုးရက Covaxin (၁)သန်းတို့ကိုပေးအပ်လှူဒါန်းခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်းလည်း နစက ဥက္ကဌ ကပြောကြားခဲ့ကြောင်း သိရသည်။

ymg/pl
#Local_News #စစ်တွေဆိပ်ကမ်း #စစ်တွေအထူးစီးပွားရေးဇုန် #အလားအလာကောင်းများ #နစကဥက္ကဌ
#YMG #Yangon_Media_Group