Published 14 May 2023

မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံးကို တစ်ဦးတစ်ယောက်မျှမကျန်အောင်ကူညီဆောင်ရွက်ပေးဖို့ နှင့် ထိခိုက်မှုအနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်အောင်မြင်စွာကျော်လွှားနိုင်ရေး မိမိကိုယ်တိုင် မျက်ခြည်မပြတ် စောင့်ကြည့်ပြီး အချိန်နှင့်တစ်ပြေးညီလိုအပ်ချက်တွေဖြည့်ဆည်းဆောင်ရွက်နေတယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ မေလ ၁၄ ရက်မနက်က ပြုလုပ်တဲ့ သဘာဝ  ဘေးအန္တရာယ်    စီမံခန့်ခွဲရေး အရေးပေါ်အစည်းအဝေးမှာ ပြောကြားပါတယ်။

သဘာဝဘေးအန္တရာယ် မကျရောက်မီနှင့် ကျရောက်ပြီးချိန်များတွင် လိုအပ်သည့် အရေးပေါ် စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်း တာဝန် များပြုလုပ်ခြင်း တို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲရေး အရေးပေါ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နစက ဥက္ကဋ္ဌ ဦးဆောင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာမှာ ဗိုလ်ချုပ်မှူးကြီးက အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ရှေးဦးစွာကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်က ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း  နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း တွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအား နည်းရပ်ဝန်းကြောင့် မိုခါမုန်တိုင်းတိုက်ခတ်မှု ဖြစ်ပေါ်လျက်ရှိပြီး အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ်ပြောင်းလဲလာမှု၊ မုန်တိုင်းလမ်းကြောင်းဖြတ်သန်းမှုတစ်လျှောက်တွင် ထိခိုက်မှုများဖြစ်ပေါ်ခဲ့မှု၊ မိမိတို့နိုင်ငံ အတွင်းသို့ မုန်တိုင်းဝင်ရောက်နိုင်သည့် လမ်းကြောင်းနှင့် လေတိုက်နှုန်းမြင့်တက်လာမှု ကြောင့် ရခိုင်ကမ်းရိုးတန်းသို့ခန့်မှန်းအချိန်ထက် နာရီပိုင်းစော၍ ဝင်ရောက်လာနိုင်မှု ထိခိုက်မှုများဖြစ်ပေါ်နိုင်မှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါတယ်။

ရှင်းလင်းတင်ပြမှုအပေါ် နစကဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှစ၍ မုန်တိုင်း  သတိပေးချက်များကို ထုတ်ပြန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ခန့်မှန်းချက်များအရ မြန်မာ့ကမ်းရိုးတန်းသို့ မုန်တိုင်း ဝင်ရောက်ရန် ဖြစ်နိုင်ခြေမြင့်တက်လာ၍ လွန်ခဲ့သည့် ၃ ရက်ခန့်ကတည်းက အနီရောင် အဆင့် မုန်တိုင်းသတိပေးချက်ကို ဆောလျှင်စွာထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း၊  ကြိုတင် ပြင်ဆင်ရန်လိုအပ်ချက်များကို ဆောလျှင်စွာပြင်ဆင်စေခဲ့ကြောင်း၊ ကမ်းရိုးတန်း ဒေသများ တွင်သာမက ကုန်းတွင်းသို့မုန်တိုင်းဝင်ရောက်ပြီး မုန်တိုင်းဖြတ်သန်းရာ ဒေသ များ၌လည်း ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မုန်တိုင်းဝင်ရောက်နိုင်သည့်ဒေသများတွင် မိုးရွာသွန်းမှုများ ပိုမိုများပြားနိုင်သည်ကိုတွေ့ ရှိရကြောင်း၊ ထို့ကြောင့် မုန်တိုင်းဒဏ်သင့် ဒေသများတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ် ရေးလုပ်ငန်းမျာဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်းပြောကြားခဲ့တယ်လို့ သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတတ် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့က မုန်တိုင်းဒဏ်ကြောင့် ထိခိုက်မှုဖြစ်ပွားခဲ့သည့် ဒေသများသို့ ပေးပို့နိုင်ရေးအတွက် အရန်ဆန်များဒေသအလိုက် ကြိုတင်စုဆောင်းထားရှိမှု၊ တပ်မတော်မှ ရိက္ခာများနှင့် အမိုးသွပ်များ ကြိုတင်စုဆောင်းထားရှိမှု၊ ခေါက်ဆွဲခြောက်နှင့် ရိက္ခာခြောက်များ၊ စားသုံးဆီများ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ စုဆောင်း ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

ရှင်းလင်းတင်ပြမှုအပေါ် ဗိုလ်ချူပ်မှူးကြီးကမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ဆန်နှင့်ရိက္ခာများကို ကြိုတင်စုဆောင်း ထားရှိပြီး အချိန်နှင့်တစ်ပြေးညီပေးပို့နိုင်ရေး တပ်မတော်လေယာဉ်များ၊ ရေယာဉ်များ၊ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်၍ အသင့်ပြင်ဆင်ထားရှိရန်လိုကြောင်း၊ ယနေ့မှ စ၍ ယာဉ်တင်အသင့်ဆောင်ရွက်မှုကို စတင်ပြုလုပ်ထားရန်လိုကြောင်း၊ အရေးပေါ် ရိက္ခာဖြန့်ဝေရာတွင် လျှင်မြန်ထိရောက်မှုရှိစေရေး ရိက္ခာများဖြန့်ဖြူးပေးမှု အဆင်ပြေ စေရေး ထုတ်ပိုးမှုများကို လွယ်ကူစွာသယ်ဆောင်နိုင်သည့် ထုတ်ပိုးမှုများဖြစ်အောင် ပြင်ဆင်ထားရန်လိုကြောင်း၊ အလားတူ ဘုန်းတော်ကြီးကျောင်းများသည် မြို့၊ ရွာများ၏ အစွန်းအဖျားနေရာများတွင် တည်ရှိကြခြင်းကြောင့် လေပြင်းများတိုက်ခတ်ပြီး ပျက်စီးမှု များဖြစ်ပေါ်ခဲ့ပါက ပြင်ဆင်ပေးနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ မုန်တိုင်းဒဏ်ထိ ခိုက်သည့် ဒေသများ၌ ပြင်ဆင်မှုများ ဆောင်ရွက်ပေးရာတွင် ဘုန်းတော်ကြီးကျောင်း များနှင့် စာသင်ကျောင်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မှာကြားခဲ့တယ်လို့သိရှိရပါတယ်။

အဲဒီနောက်စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး က တပ်မတော်မှ ဆေးဝါး များနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါတယ်။

            ရှင်းလင်းတင်ပြမှုအပေါ်နစက ဥက္ကဋ္ဌက ထိခိုက်မှုဖြစ်ပွားခဲ့သည့် ဒေသများရှိ ပြည်သူများကို ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေး ဆေးဝါးများကို ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရှိရန်လိုကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့များကို ကြိုတင်ဖွဲ့စည်းဆောင်ရွက်ထား ရန်လိုသကဲ့သို့ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်များကိုလည်း ယနေ့မှစတင်၍ အသင့်ပြင်ဆင်ထားရှိရန်လိုကြောင်း၊ ၎င်းရေယာဉ်များအပေါ်၌ အရေးပေါ် စားနပ်ရိက္ခာ များနှင့် လူသုံးကုန်ပစ္စည်းများကိုလည်း အသင့်တင်ဆောင်ထားရှိရန်လိုကြောင်း၊ ဆေးဝန် ထမ်းတပ်ဖွဲ့များ ဖွဲ့စည်းစေလွှတ်ရာတွင် မုန်တိုင်းဒဏ်၊ ရေလွှမ်းမိုးမှုဒဏ်တို့ကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲရောဂါများကို ကုသပေးနိုင်ရေး ဖွဲ့စည်းစေလွှတ်ရန်လိုကြောင်းပြန်လည်မှာကြားခဲ့ပါတယ်။

အဲဒီနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ စစ်ထောက် ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်နိုင်ဦး တို့က အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် လိုအပ် သည့် အသုံးအဆောင်ပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီပို့ဆောင်နိုင်ရေး လေယာဉ် ၊ ရဟတ်ယာဉ်များ အသင့်ပြင်ဆင်ထားရှိမှု၊ လေယာဉ်၊ ရဟတ်ယာဉ်များ၏စွမ်းဆောင်နိုင်မှု နှင့်လိုအပ်ချက်များ၊ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့သည့် ဒေသများတွင် ပြောင်းရွှေ့ ရေးလုပ်ငန်းများဆောင်ရွက်ရန် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းများ၊ ဆေးဝန်ထမ်း တပ်ဖွဲ့များ၊ အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ဝင်များ ပါဝင်သည့် မော်တော်ယာဉ်အစုအဖွဲ ၁၀ ဖွဲ့ ဖွဲ့စည်း ထားရှိပြီး စေလွှတ်ဆောင်ရွက်နေမှု၊ လမ်းပန်း ဆက်သွယ်ရေးမပြတ်တောက်စေရန်အတွက် အရေးပေါ်သုံး၊ စစ်သုံးဘေလီတံတားများ ကြိုတင်ပြင်ဆင်စုဖွဲ့ထားရှိမှု၊ အရေးပေါ်ရဟတ်ယာဉ် ကွင်းများတည်ဆောက်နိုင်ရေး Helipad များ ပြင်ဆင်ပို့ဆောင်ထားရှိမှု၊ ရေသန့်ယာဉ်များ၊ မီးစက်များဆောင် ရွက်ထား ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

ရှင်းလင်းတင်ပြမှုများအပေါ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က မုန်တိုင်းတိုက်ခတ်နေချိန်အတွင်း လေယာဉ်၊ ရဟတ်ယာဉ်များ ပျံသန်း ခြင်းမပြုလုပ်နိုင်သော်လည်း မုန်တိုင်းဝင်ရောက်ပြီးချိန်တွင် အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်ရေးပစ္စည်းများပို့ဆောင်နိုင်ရေး စစ်တွေလေယာဉ်ကွင်းအား ညအချိန်တွင်ပါ ဆင်းသက်နိုင်ရန် ပြေးလမ်းမီးများအပါအဝင် အခြားလိုအပ်သည်များကို ကြိုတင်ပြင် ဆင်ထားရှိရန်လိုကြောင်း၊  အရေးပေါ်ကူညီကယ်ဆယ်ရေး ယာဉ်အစုအဖွဲ့ ၁၀ ဖွဲ့ အပြင် အဖွဲ့ ၂ ဖွဲ့ကိုလည်းထပ်မံ ဖွဲ့စည်းထားရှိရန်လိုကြောင်း၊ လိုအပ်သည့်နေရာသို့ လိုအပ် သည့်အချိန်တွင် ကူညီကယ်ဆယ်ရေးပစ္စည်းများ အချိန်မီပို့ဆောင်နိုင်ရေး ကြိုတင် တွက်ချက်ဆောင်ရွက်ထားရန်လိုကြောင်းမှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

အဲဒီနောက်ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နှင့် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်း တို့က ဒေသအလိုက် ဖြစ်ပွားနေသည့် မုန်တိုင်းနှင့်သက်ဆိုင်သည့်အခြေအနေများကို အမြဲမပြတ်သတင်းရရှိရေးနှင့် ထုတ်လွှင့်နိုင်ရေး ကျောပိုးဂြိုလ်တု ဆက်သွယ်ရေးစနစ်ဖြင့် ဆောင်ရွက်နေမှု၊ မုန်တိုင်းအသိပေးချက်နှင့် သတိပေးချက်များ၊ အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲလျက်ရှိသည့်  မုန်တိုင်းသတင်းများနှင့်ပတ်သက်၍ ပြည်သူများအချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရေး ရုပ်မြင်သံကြားအစီအစဉ်များ၊ ရေဒီယိုအသံလွှင့်အစီအစဉ်များနှင့် Website များ၌ အမြဲမပြတ် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြရာ ဗိုလ်ချူပ်မှူးကြီးက   မုန်တိုင်းဝင်ရောက်နိုင်သည့် ကမ်းရိုးတန်းဒေသများပါမက မုန်တိုင်း သက်ရောက်နိုင်သည့် ကုန်းတွင်း ပိုင်းဒေသများသည်လည်း ရေကြီးခြင်း၊ မြေပြို ခြင်း စသည့် အန္တရာယ်များအတွက် သတိစေရေး လှုံ့ဆော်   ပြန်ကြားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မုန်တိုင်းသတိပေးချက် လှုံ့ဆော်မှုများကို မည်သူတစ်ဦး   တစ်ယောက်မျှ မကျန် ရှိစေဘဲသိရှိစေရေး နည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သတင်းများ အချိန်နှင့် တစ်ပြေးညီရရှိရေးအတွက်လည်း ဆောင်ရွက်နေရန်လိုကြောင်းပြောကြားခဲ့ပါတယ်။

ယင်းနောက် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က မုန်တိုင်းဒဏ်ကြောင့်ဖြစ်ပွားမည့် သဘာဝဘေးဒဏ်သင့် ဒေသများ တွင် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု  အခြေအနေတွေ ကို  ရှင်းလင်းတင်ပြခဲ့ပါတယ်။

ရှင်းလင်းတင်ပြမှုများအပေါ် နစကဥက္ကဋ္ဌက လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချ  ထားရေးဝန်ကြီးဌာနတို့အနေဖြင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်း ဆောင်ရွက် သွားရန်လိုကြောင်း၊ (AHA Center) နှင့် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆောင်ရွက် လျက်ရှိကြောင်းပြောကြားခဲ့ပါတယ်။

အဲဒီနောက် ဗိုလ်ချူပ်မှူးကြီးက သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများ၊ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တပ်မတော်အရာရှိကြီးများကို တစ်ဦး ချင်း လိုအပ်ချက်များ၊ အကြံပြုချက်များကိုမေးမြန်းပြီး ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ အရေးပေါ်သုံးပစ္စည်းများ၊ စားနပ်ရိက္ခာပစ္စည်းများကို လျှင်မြန်ထိရောက်စွာ ပို့ဆောင် နိုင်ရေး  လေယာဉ် ယာဉ်ပေါ်အသင့်၊ ရေယာဉ် ယာဉ်ပေါ်အသင့်၊ မော်တော်ယာဉ် ယာဉ်ပေါ်အသင့်ဖြစ်စေရေး ကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ တပ်မတော်(ကြည်း၊ ရေ၊လေ)နှင့် တိုင်းစစ်ဌာနချုပ်များ အားလုံးတက်ညီလက်ညီဖြင့် ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊

 မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားအားလုံး မည်သူတစ်ဦး တစ်ယောက်မှ ကျန်ရှိမှု မရှိစေရေး ကူညီဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိခိုက်မှု အနည်းဆုံးဖြင့် မုန်တိုင်း အန္တရာယ်ကို အောင်မြင်စွာကျော်လွှားနိုင်ရေး မိမိကိုယ်တိုင် မျက်ခြည်မပြတ်စောင့် ကြည့်ပြီး အချိန်နှင့် တစ်ပြေး  ညီ  လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်းဖြင့်ပြောကြားခဲ့တယ်လို့ နစကရဲ့   သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Ymg/knl

#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်

#မိုခါဆိုင်ကလုန်းမုန်တိုင်း

#YangonMediaGroup