#Local_News
Published-6 May 2023

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းမှတ်တိုင်အနီးတွင် ခရီးသည်တင် YBS 61 ဘတ်စ်ကားက အမျိုးသမီး ၁ဦးကို ဝင်တိုက်ခဲ့၍ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ကမာရွတ်မြို့နယ်ဒေသခံများထံက သိရသည်။

 

ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမကြီး၊ လှည်းတန်းမှတ်တိုင်အနီးတွင် ဦးထွန်းလင်းခြံဘက် မှ လမ်းတစ်ဖက်သို့ဖြတ်ကူးစဉ်မေလ ၆ ရက် နံနက် ၉ နာရီကျော်က YBS 61 ကားက ဝင်တိုက် မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

"မီးပွိုင့် နီးနီးလေးမှာဖြစ်တာ။ ယာဉ်တိုက်ခံရပြီးပွဲချင်းပြီးသေဆုံးသွားတာ။ ဂုတ်မှာလည်း ဒဏ်ရာနဲ့။ ကားရှေ့ဘီးထဲ ခါးဝင်သွားတာလို့လည်းသိရတယ်"ဟု ကမာရွတ်မြို့နယ် ရပ်ကွက်နေပြည်သူများထံက သိရသည်။

 

သေဆုံးသူအမျိုးသမီးမှာ တောင်ဒဂုံမြို့နယ်မှ အသက်၁၈ နှစ်အရွယ်ဟုသိရပြီး ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ကမာရွတ်မြို့နယ်လူမှုကူညီရေးအသင်းကပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

YBS 61ယာဉ်လိုင်းသည် ဆူးလေနှင့် လှိုင်သာယာအနောက်ပိုင်း တက္က သိုလ်သို့ ပြေးဆွဲနေသည့်ယာဉ်လိုင်းဖြစ်ကြောင်း သိရသည်။

 

#ymg/pl
#Yangon-Media-Group