#Local_News
Published_ 1 May 2023

မေ ၁ ရက်၊ ယနေ့နံနက် ၆ နာရီကျော်က ချမ်းမြသာစည်မြို့နယ်၊ ၄၄ လမ်းနှင့် မြို့ပတ်လမ်းထောင့်၌ အသက် ၃၀ ဝန်းကျင်အရွယ်ရှိ အမည်မသိအမျိုးသားတစ်ဦးကို ဦးခေါင်းထိခိုက်ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးလျက်တွေ့ခဲ့ရကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

"ဦးခေါင်းမှာ ၃ လက်မလောက်နက်တဲ့ ဒဏ်ရာတွေ့ရတယ်။ တခြားခန္ဓာကိုယ်မှာတော့ ဒဏ်ရာမတွေ့ရဘူး။

ဦးခေါင်းကို ရိုက်ပြီး သတ်သွားတဲ့ ပုံစံမျိုးတော့ ယူဆရတာပေါ့။

မိသားစုနဲ့တော့ အခုထိအဆက်အသွယ် မရသေးဘူး“ ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူ အမျိုးသား၏ ပုံသဏ္ဍာန်မှာ နားဖောက်ထားခြင်း၊ နောက်ကျောတွင် တက်တူးထိုးထားခြင်း၊ ယာလက်တွင် မိုးကြိုးသွား တက်တူးထိုးထားခြင်း၊ ဘယ်နံရိုးပေါ်တွင် ဂျိုကာပုံတက်တူးထိုးထားခြင်းများရှိကာ ခန့်မှန်း အရပ်မှာ ၅ ပေ ၈ လက်မ ဝန်းကျင်ရှိပြီး အသားဖြူ၍ ခန္ဓာကိုယ်အနည်းငယ်ဝကြောင်း သိရသည်။

သေဆုံးသူ၏ မိသားစုနှင့် အဆက်အသွယ် မရရှိသေးသဖြင့် ပိုင်ရှင်မဲ့အလောင်းအဖြစ် မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။
ymg/ppk
#Local_News #မန္တလေး #ဦးခေါင်းထိခိုက်ဒဏ်ရာ #လမ်းပေါ်သေဆုံးနေသူ
#YMG #Yangon_Media_Group