#Local_News
Published_ 1 May 2023

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ချောင်းသာကမ်းခြေဟိုတယ်တစ်ခု၏ ရေချိုးခန်းအတွင်း ရေပန်းဖြင့် ရေချိုးသူတစ်ဦး ဓာတ်လိုက်သေဆုံးမှု တစ်ခု ဧပြီလ ၃၀ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ချောင်းသာဟိုတယ်ဇုန်လုပ်ငန်းရှင်များအသင်းက သိရသည်။

ပင်လယ်မှရေကူးပြီးပြန်လာသော သူငယ်ချင်း အမျိုးသား ၃ ဦးတို့ တည်းခိုနေသည့် ကမ်းခြေဟိုတယ်ရေချိုးခန်းအတွင်း ရေပန်းဖြင့် ရေချိုးကြစဉ် အသက် ၂၈ နှစ်အရွယ် မောင်နိုင်မျိုးလွင် (ခ) နောင်နောင် ဆိုသူမှာ ဓာတ်လိုက်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုအပေါ် သက်ဆိုင်ရာက စစ်ဆေးရာတွင် 200 KVA ထရန်စဖော်မာ (မီတာအမှတ်- ECA006382) ၏ 400 ဗို့ Main Panel မှတစ်ဆင့် ဟိုတယ်အတွင်းသို့ သွယ်တန်းထားသော Underground Cable ပေါက်ပြဲကာ လျှပ်စစ်စီးကူး၍ ဓာတ်လိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကွယ်လွန်သူ၏ အလောင်းကို ချောင်းသာဆေးရုံသို့ ပို့ဆောင်ကာ တာဝန်ရှိ တိုက်နယ်ဆရာဝန်မှ PM-အမှတ် (4/2023)ဖြင့် လက်ခံ၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊မဟုတ် ချောင်းသာနယ်မြေစခန်းမှ သေမူသေခင်းအမှတ်စဉ် (3/2023) ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
#Local_News #ချောင်းသာကမ်းခြေ #ရေချိုးခန်း #ရေချိုးသူတစ်ဦးဓာတ်လိုက်
#YMG #Yangon_Media_Group