#Local_News
Published_ 30 April 2023

ဆူဒန်နိုင်ငံ စစ်ဘေးအတွင်း ပိတ်မိနေသည့်မြန်မာနိုင်ငံသားအမျိုးသမီးအား ကူညီကယ်တင်ပြီးအလုပ်ရှိရာဒူဘိုင်းသို့ပြန်ရန်စီစဥ်ဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်၊၊

ထုတ်ပြန်ချက်တွင်မြန်မာသံရုံး၊ ရီရတ်ဒ်မြို့အနေဖြင့် နိုင်ငံသားများအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်နှင့်အညီ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများတွင် ရောက်ရှိနေပြီး အခက်အခဲ ကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများကို ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် အလုပ်လုပ်ကိုင်လျက်ရှိသူ မြန်မာနိုင်ငံသား မလယ်မယ်မီး (Lae Mae Mee) သည် သူမ၏အိမ်ရှင်နှင့်အတူ အားလပ်ရက်ခရီးအဖြစ် ဆူဒန်နိုင်ငံ၊ ခါတွန်မြို့သို့ ရောက်ရှိပြီး စစ်မက်ဘေးနှင့် ကြုံတွေ့ကာ Port Sudan မြို့တွင်ပိတ်မိနေကြောင်း ၂၆-၄-၂၀၂၃ ရက် (ဗုဒ္ဓဟူးနေ့) ညပိုင်းတွင် သံရုံးမှ သတင်းရရှိခဲ့ကြောင်း၊

မြန်မာသံရုံးမှ မလယ်မယ်မီးအား ကူညီကယ်ဆယ်နိုင်ရေးအတွက် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနသို့ လည်းကောင်း၊ ဆူဒန်နိုင်ငံ စစ်ဘေးအတွင်း ပိတ်မိနေသူများအား ကယ်ဆယ်ရေးအတွက် ဆော်ဒီနိုင်ငံမှ ဖွဲ့စည်းထားသည့် Emergency Crisis  Management Team သို့လည်းကောင်း ဆက်သွယ်၍ ဆော်ဒီနိုင်ငံမှ စီစဉ်ဆောင်ရွက်နေသည့် ကယ်ဆယ်ရေး သင်္ဘောတွင် လိုက်ပါခွင့်ရရှိရေးအတွက် ညှိနှိုင်းရရှိခဲ့ကြောင်း၊

ထို့နောက် မလယ်မယ်မီးသည် ဆူဒန်နိုင်ငံ Port Sudan မြို့မှ ဂျက်ဒါမြို့သို့ ၂၉-၄-၂၀၂၃ ရက် (စနေနေ့) ညပိုင်းတွင်ရောက်ရှိခဲ့ပြီး၊ ထိုမှတစ်ဆင့် သူမ၏လုပ်ငန်းခွင်ရှိရာ ဒူဘိုင်းမြို့သို့ ခရီးဆက်လက် ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံး၊ ရီရတ်ဒ်မြို့မှ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း ဖော်ပြပါရှိသည်။
ymg/tthl
#YMG #Yangon_Media_Group