Published_ 28 April 2023

  နိုင်ငံတော်သံဃမဟာနာယကအဖွဲဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော် ကျောင်းတိုက်ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လျက် ရှိရာ မူလသီတင်းသုံးတော်မူရာကျောင်း၌ ပြန်လည်သီတင်းသုံးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ မန်းတောင်ရိပ် အထွေထွေရောဂါကုသ ဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူသီတင်းသုံးတော်မူနေသည့် ဗန်းမော် ကျောင်းတိုက်ဆရာတော်ကြီး၏ ကျန်းမာရေးတိုးတက်ကောင်းမွန်နေမှု အခြေအနေအား မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်တာဝန်ရှိသူများက ဧပြီ ၂၈ ရက် နံနက်ပိုင်းက သွားရောက်ဖူးမြော်ကြည့်ရှုခဲ့ကြပါတယ်။

မန္တလေးအထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာသက်အောင်နှင့် အထူးကု ဆရာဝန်ကြီးများက ဆရာတော်ကြီး၏ ကျန်းမာရေးတိုးတက်ကောင်းမွန်နေသည့် အခြေအနေများ၊ အနီးကပ်ကြီးကြပ်ကာ စနစ်တကျဆောင်ရွက်ကုသပေးနေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် နှင့်အဖွဲအား ရှင်းလင်းတင်ပြကြပါတယ်။

ဝန်ကြီးချုပ်က ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေကောင်းမွန်၍ မူလ သီတင်း သုံးရာကျောင်းတွင် ပြန်လည်သီတင်းသုံးသည့်အခါ ကျန်းမာရေး အခြေအနေ များကို အစဉ်မပြတ်အနီးကပ်စောင့်ကြည့်၍ ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းများကို အထူးဂရုစိုက် ဆောင်ရွက်သွားကြဖို့ မှာကြားခဲ့ပါတယ်။

ယခုအခါ ဆရာတော်ကြီးမှာ သက်တော်(၉၄)နှစ်၊ သိက္ခာ(၇၄)ဝါရှိပြီး မန်းတောင်ရိပ် အထွေထွေရောဂါကုသဆောင်(၉ထပ်ဆေးကုသဆောင်) (၅)ထပ်ရှိ အထူးသီးသန့်ခန်းတွင် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို အထူးကုဆရာဝန်ကြီးများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါတယ်။

ygm_mnn

#ဗန်းမော်ဆရာတော်ဘုရား

#Yangon_Media_Group