Published 22 April 2023

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဧပြီ ၂၁ ရက် ညက လေဆင်နှာမောင်းတိုက်ခတ်ခံခဲ့ရတဲ့  အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတွေကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယနေ့ ဧပြီလ(၂၂)ရက် နံနက်ပိုင်းတွင်သွားရောက်ခဲ့ပြီး ကျေးရွာရှိပြည်သူတွေကို အားပေးကာ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးခဲ့တယ် လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဧပြီ၂၁ရက် ည၆နာရီ မိနစ်၂၀ခန့်မှာ တိုက်ခတ်တဲ့ လေဆင်နှာမောင်းကြောင့် လယ်ဝေးမြို့နယ်အတွင်း ရှိ အောင်မြင်ကုန်းကျေးရွာရှိ လူနေအိမ် ၁၅၅ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ကျေးလက်ဆေးပေးခန်း ၁ လုံး၊ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် တံတားဦးကျေးရွာရှိ လူနေအိမ် ၇၇ လုံး၊ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ ၁၁၃ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် သေဆုံးသူ ၆ ဦးရှိပြီဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့ရသည့် စာသင်ကျောင်းများကို လာမည့်ကျောင်းဖွင့်ချိန်အမီ ပြီးစီးအောင်ပြန်လည်တည်ဆောက်ပေးရန်၊ ဘုန်းတော်ကြီးကျောင်းကိုလည်း ကောင်းမွန်အောင်ပြန်လည်ဆောင်ရွက်ပေးရန်နှင့် လူနေအိမ်များကိုလည်း အိမ်ရာကွက်စနစ်တကျပြန်လည်ဖော်ဆောင်၍ နေအိမ်များ ပြန်လည်တည်ဆောက်နေထိုင် နိုင်စေရေးအတွက်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တို့မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရန်၊ ကျေးရွာရှိ လေဘေးသင့်ပြည်သူများ လတ်တလောစားရေးအဆင်ပြေစေရေးအတွက်လည်း လိုအပ်သည်များကို ကူညီထောက်ပံ့ဆောင်ရွက်ပေးရန်ဗိုလ်ချုပ်မှူးကြီးက တာဝန်ရှိသူတွေကို မှာကြားခဲ့ပါတယ်။

အဲဒီအပြင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့်အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာမှ ပြည်သူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ပါတယ်။

နစက ဥက္ကဋ္ဌသည် နေပြည်တော် အထွေထွေရောဂါကုဆေးရုံကြီး ခုတင်(၁၀၀၀) သို့သွားရောက်ပြီး  ဆေးရုံတက်ရောက် ဆေးဝါးကုသမှုခံယူလျက်ရှိသည့် လေဘေးသင့်ပြည်သူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန် ထားပါတယ်။

-ymg/knl

#YangonMediaGroup

#ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

#လယ်ဝေးမြို့နယ်၊အောင်မြင်ကုန်းနှင့်တံတာဦးကျေးရွာများလေဆင်နှာမောင်းတိုက်ခတ်ခံရ