#Local_News
Published_ 19 April 2023

ဗီယက်နမ်နိုင်ငံသမ္မတ Vo Van Thuong သည် ဧပြီ ၁၇ ရက်၊ ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံအခြေစိုက် အာဆီယံနိုင်ငံသံအမတ်ကြီးများအား နိုင်ငံတော်သမ္မတ အိမ်တော်တွင် လက်ခံတွေ့ဆုံသည့် အခမ်းအနားကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း တက်ရောက်ခဲ့ပါတယ်။

 

အခမ်းအနားတွင် ဗီယက်နမ်နိုင်ငံသမ္မတ Vo Van Thuong က လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ ရိုးရာနှစ်သစ်ကူးအခါသမယနှင့် အစ္စလာမ် မိတ်ဆွေနိုင်ငံများ၏ Ramadan အခါသမယဖြစ်သည့်အတွက် သက်ဆိုင်ရာနိုင်ငံ အကြီးအကဲများနှင့်ပြည်သူများအတွက် ဆုမွန်ကောင်းများပို့သအပ်ပါကြောင်းဖြင့် ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။

 

ထို့နောက် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၏ကိုယ်စား အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီးက ဗီယက်နမ် သမ္မတ Vo Van Thuong အား ဗီယက်နမ်ကွန်မြူနစ်ပါတီမှ ရွေးကောက်ခဲ့ပြီး အမျိုးသား လွှတ်တော်မှ အတည်ပြုချက်ဖြင့် သမ္မတရာထူးရရှိခဲ့မှုအတွက် ဝမ်းမြောက်ကြောင်း ပြောကြားပါတယ်။ ထို့ပြင် အာဆီယံအတွက် ဗီယက်နမ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများနှင့် လက်ရှိအာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ဆောင်ရွက်ချက်များကို ပြောကြားခဲ့ ပါတယ်။

 

ဗီယက်နမ်နိုင်ငံသမ္မတ Vo Van Thuong ကလည်း အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေး၊ ဗီယက်နမ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများတွင် အာဆီယံနိုင်ငံ သံအမတ်ကြီးများမှာ အဓိကပေါင်းကူးတံတားဖြစ်ရာ သံအမတ်ကြီးများ အနေဖြင့် ချစ်ကြည်ရင်းနှီးစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြပါရန် ရင်းနှီး ပွင့်လင်းစွာ ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
ygm_mnn
#Local_News #ဗီယက်နမ်သမ္မတ # အာဆီယံနိုင်ငံသံအမတ်ကြီးများ #မြန်မာသံအမတ်ကြီး
#YMG #Yangon_Media_Group