#Local_News
Published_ 16 April 2023

နှစ်သစ်တွင်ကံဇာတာကောင်းမွန်ပွင့်လန်းစေရန်အတွက်လာမည့်နှစ်ဆန်းတစ်ရက်နေ့ဧပြီလ(၁၇) ရက်၊မင်္ဂလာအချိန်၌ခေါင်းဆေးမင်္ဂလာပြုလုပ်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံသဘာဝနက္ခတ်ဗေဒပညာသင်တန်းကျောင်း၊ကျောင်းအုပ်ဆရာမကြီးပါရဂူဒေါက်တာဒေါ်ကြည်ကြည်စိန်ထံမှသိရသည်၊၊

 

ယခုနှစ်တွင် နှစ်ဆန်းတစ်ရက်နေ့ဧပြီလ(၁၇)တွင် မင်္ဂလာအချိန်သည်မနက်(၇)နာရီ (၄၀)မှ (၈)နာရီ (၃၁)အတွင်းဖြစ်ပြီးယင်းအချိန်တွင် တနင်္ဂနွေသားသမီးများမှအပကျန်နေ့နာမ်သားသမီးအားလုံးခေါင်းဆေးမင်္ဂလာပြုလုပ်နိုင်မည်ဖြစ်သည်ဟုဆိုသည်၊၊

 

အတာစားသည့်တနင်္ဂနွေသားသမီးများအနေဖြင့် သင်္ကြန်အတက်နေ့ ဧပြီလ(၁၆)ရက်တွင် ခေါင်းဆေးမင်္ဂလာပြုရမည်ဖြစ်သည်၊၊

 

"နှစ်ဆန်းတစ်ရက်နေ့ မနက်(၇)နာရီ (၄၀)မှ (၈)နာရီ (၃၁)အတွင်း ခေါင်းဆေးမင်္ဂလာပြုလုပ်ရမယ်၊၊အဲဒီ့အချိန်ဟာ ဓနသိဒ္ဓိမွန်းတည့်ချိန်မို့ ဂါထာလေးရွတ်ပြီး ခေါင်းဆေးမင်္ဂလာပြုသင့်တယ်၊၊

 

အရဟံသိဒ္ဓိဆိုပြီးတော့ ပုတီးတစ်ပတ်စာ (၁၀၈)ခေါက် ရွတ်ဆိုပြီး ခေါင်းဆေးမင်္ဂလာပြုလိုက်ပါ၊၊ နေထွက်ရာအရပ်ကို မျက်နှာပြုပြီး ခေါင်းဆေးမင်္ဂလာပြုသင့်ပါတယ်၊၊

 

ဒီနှစ်ဟာ တနင်္ဂနွေသားသမီး အတာစားလို့ ဒီနေ့သင်္ကြန်အတက်နေ့ဧပြီလ(၁၆)ရက်ကတည်းက အုန်းခေါင်းလျှော်ရည်သို့မဟုတ်အုန်းဆီထည့်ပြီး ခေါင်းလျှော်ပြီးခေါင်းဆေးမင်္ဂလာပြုပေးရမယ်"ဟု မြန်မာနိုင်ငံသဘာဝနက္ခတ်ဗေဒပညာသင်တန်းကျောင်း၊ကျောင်းအုပ်ဆရာမကြီးပါရဂူဒေါက်တာဒေါ်ကြည်ကြည်စိန်ကပြောသည်၊၊

 

ယခုနှစ်တွင် တနင်္ဂနွေသားသမီးများအတာစားသည့်အတွက် တစ်နှစ်တာပတ်လုံးကံဇာတာကောင်းမွန်စေရန်သင်္ကြန်အတက်နေ့တွင် ခေါင်းဆေးမင်္ဂလာကြိုတင်ပြုလုပ်ခြင်းအပြင် အလှူဒါနတစ်ခုပြုလုပ်ရမည်ဖြစ်ပြီး ရေတစ်ခွက်ကိုယူ၊မေတ္တာသုတ်ရွတ်ဆိုပြီး တစ်ပုံကို မိမိသောက်သုံးကာ ကျန်နှစ်ပုံကို အမွှေးနံ့သာထည့်ရမည်၊၊

 

အမွှေးနံသာထည့်ထားသည့် သောက်သုံးရေတစ်ပုံကို ကိုယ်ပြုလုပ်ခဲ့သည့် ကောင်းမှုများကို သစ္စာပြုပြီး ဝသုန်သန္ဓြေနတ်မင်းအားသက်သေပြုကာ မြေကြီးကိုပက်ဖြန်းရမည်ဖြစ်သည်၊၊

 

အမွှေးနံသာထည့်ထားသည့်ရေ ကျန်တစ်ပုံကို အန္တရာယ်ကင်းအောင် နေအိမ်နေရာအနှံ့ပက်ဖြန်းပေးရမည်ဖြစ်သည်ဟုဆိုသည်၊၊

 

ကျန်အင်္ဂါသားသမီး၊ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ၊စနေနှင့်ရာဟုသားသမီးများအနေဖြင့်နှစ်ဆန်း တစ်ရက်နေ့ဧပြီလ(၁၇)တွင်ကိုယ်ဖြစ်ချင်သည့်ဆန္ဒများကိုယ်လုပ်ချင်သည့်အရာများကိုရေးသားဆုတောင်းပြီး ဘုရားစင်ပေါ်တင်ကာ ဘုရားသောက်တော်ရေ ကပ်လှူရမည်ဖြစ်သည်၊၊

 

အဆက်အသွယ်ကောင်းများရရှိစေရန်ဖုန်းငွေဖြည့်ကတ်(တစ်ထောင်တန်)၊အစားအသောက်တစ်ခုခု(ငွေကြေးမတတ်နိုင်သူများ ပိုက်ဆံတစ်ရွက်နှင့်ချိုချဥ်တစ်လုံး)ထည့်ပြီး မေတ္တာသုတ်ရွတ်ဆိုကာ ရေနှင့်ပစ္စည်းကို ပြန်စွန့်ရမည်၊၊

 

ပြန်စွန့်လိုက်သည့် ပစ္စည်းကိုအခြားသူကိုလှူဒါန်းလိုက်ပြီး ပြန်စွန့်လိုက်သည့်ရေကို သုံးပုံပုံပြီး တစ်ပုံကိုမိမိသောက်သုံးကာ ကျန်နှစ်ပုံကို အမွှေးရည်ထည့်ပြီး မိမိပြုခဲ့သည့်ကောင်းမှုကိုသစ္စာပြုပြီး ဝသုန်သန္ဓြေမြေနတ်မင်းကြီးအားသက်သေပြုရေစက်ချရမည်ဖြစ်သည်၊၊

 

ကျန်အမွှေးရည်တစ်ပုံကိုပုလင်းလေးဖြင့်ထည့်ပြီးယူဆောင်ကာ မိမိပတ်ဝန်းကျင်နှင့်အလုပ်ကို ပက်ဖြန်းရမည်ဖြစ်ကြောင်း ဒေါက်တာဒေါ်ကြည်ကြည်စိန်ကဟောကြားခဲ့သည်၊၊
ymg/tthl
#Local_News #နှစ်ဆန်းတစ်ရက်နေ့ # ခေါင်းဆေးမင်္ဂလာ #ကုသိုလ်ယတြာ #အတာစားသည့်တနင်္ဂနွေများကြိုတင်ပြုလုပ်
#YMG #Yangon_Media_Group