Published 6 April 2023

လူ့ပတ်ဝန်းကျင် အသိုင်းအဝန်းအတွင်း သတင်းအချက်အလက်များသိရှိအောင် ပြုလုပ်ပေးနိုင်ခြင်းသည် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

အဆိုပါအခမ်းအနားကို ဧပြီလ(၅)ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် တောင်ညိုမြို့ရှိ အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်၌ ကျင်းပပြုလုပ်ခဲ့ရာ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ရာမှာထည့်သွင်းပြောဆိုခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်များအရသိရပါတယ်။

“လူ့ပတ်ဝန်းကျင် အသိုင်းအဝန်းအတွင်း သတင်းအချက်အလက်များသိရှိအောင် ပြုလုပ်ပေးနိုင်ခြင်းသည် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်ပါတယ်၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေဟာ အများပြည်သူနှင့်ဆက်ဆံရေး၊ မိမိပတ်ဝန်းကျင်အသိုက်အဝန်းနှင့် ဆက်ဆံရေးအစရှိသည့် ဆက်ဆံ ရေးအမျိုးမျိုးပါဝင်ကြပါတယ်။ အဲသလို ဆောင်ရွက်ရာမှာ  နိုင်ငံတကာ၌လည်း ပြည်သူ့ဆက်ဆံရေး လုပ်ငန်းနယ်ပယ်များအနက် မီဒီယာဆက်ဆံရေးကို တွင်ကျယ်စွာ အသုံးချဆောင်ရွက်နေသည်ကို တွေ့ရှိရပါတယ်။ နိုင်ငံတော်တည်ဆောက်ရေးတွင် အဓိကမဏ္ဍိုင်ကြီး ၃ ခုဖြစ်သည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာတို့ ဟန်ချက်ညီရန် အရေးကြီးတယ်” လို့ ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့ပါတယ်။

မြဝတီရုပ်မြင်သံကြားဟာ နိုင်ငံတစ်ဝန်းရှိ မြို့ကြီး ၃၅ မြို့၌ ဒစ်ဂျစ်တယ်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများ တည်ဆောက်ပေးနိုင်ခဲ့ပြီး မြို့ပေါင်း ၁၄၅ မြို့၌ မြဝတီရုပ်မြင်သံကြား ဒစ်ဂျစ် တယ်လိုင်းများကို ကြည့်ရှုနိုင်ကြပြီဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခမ်းအနားမှာ နစက ဥက္ကဋ္ဌက မြဝတီရုပ်မြင်သံကြားမှ အရာရှိ၊ စစ်သည်၊ ဝန်ထမ်းမိသားစုများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊   ညွှန်ကြားရေးမှူးဗိုလ်ချူပ်ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြတယ်လို့သိရှိရပါတယ်။

-ymg/knl

#မြဝတီရုပ်မြင်သံကြား ၂၈နှစ်မြောက်နှစ်ပတ်လည်

#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်

#YangonMediaGroup