#LocalNews
Published_ 23 March 2023
အသက် (၁၅) နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ( FIFA-MFF U15 Youth League 2023) ကို ယခုနှစ် မေလပထမပတ်တွင် အထက်မြန်မာပြည်ဇုန်နှင့် အောက်မြန်မာပြည်ဇုန်အဖြစ် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သိရသည်။

အဆိုပါ ပြိုင်ပွဲများကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် လူငယ်မျိုးဆက်သစ်များ ဘောလုံးလှုပ်ရှားမှုများတွင် ပါဝင်လာရေး၊ ပြည်တွင်း လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး၊ မျိုးဆက်သစ် လူငယ်ကစားသမားများ ပေါ်ထွက်လာရေး၊ FIFA, AFC, AFF လူငယ်ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများ အောင် မြင်မှု ရရှိရေးရည်ရွယ်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် လမ်းညွှန်ချက်များအတိုင်းကျင်းပရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် စုစုပေါင်း အသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အထက်မြန်မာပြည်ဇုန်( မန္တလေး)တွင် မန္တလေးတိုင်းဒေသကြီးမှ ၂ သင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ၂ သင်း၊ မကွေးတိုင်းဒေသကြီးမှ ၁ သင်း၊ နေပြည်တော်ကောင်စီမှ ၁သင်း၊ ရှမ်းပြည်နယ်မှ ၃ သင်း၊ ချင်းပြည်နယ်မှ ၁သင်း၊ ကယား ပြည်နယ်မှ ၁ သင်း၊ ကချင်ပြည်နယ်မှ ၁ သင်း၊ အောက်မြန်မာပြည်ဇုန် (ရန်ကုန်)တွင် ရန်ကုန်တိုင်းဒေသကြီးမှ ၃ သင်း၊ ပဲခူးတိုင်း ဒေသကြီးမှ ၂ သင်း၊ ဧရာဝတီတိုင်းဒေသကြီး(ပုသိမ်)မှ ၂ သင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁သင်း၊ မွန်ပြည်နယ်မှ ၂ သင်း ၊ ရခိုင်ပြည်နယ်မှ ၁ သင်း၊ ကရင်ပြည်နယ်မှ ၁ သင်း ပါဝင်ကြမည် ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြိုင်ပွဲဝင်လိုသည့် အသင်းအရေအတွက် သတ်မှတ်ထားသည်ထက် ပိုမိုနေပါက ခြေစစ်ပွဲ ကစားရမည်ဖြစ်ကြောင်း၊ပြိုင်ပွဲကို အပတ်စဉ် စနေနှင့် တနင်္ဂနွေများတွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲကာလမှာ ပထမအကျော့ ၃ လ၊ ဒုတိယအကျော့ ၃ လ စုစုပေါင်း ၆ လ ကြာ မြင့်မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် အသင်းများ မှတ်ပုံတင်ရမည့် ကာလကို ၂၀၂၃ ခုနှစ်၊ မတ် ၃၁ ရက် နောက်ဆုံးထား သတ်မှတ်ထားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် FIFA-MFF U15 Youth Leagueဌာနသို့ ဆက်သွယ် မှတ်ပုံတင်နိုင်ကြောင်း၊ပြိုင်ပွဲဝင်ခွင့်ရ အသင်းများကို တစ်သင်းလျှင် ကျပ် သိန်း ၁၀၀ ထောက်ပံ့သွားမည်ဖြစ်ပြီး ပထမဆုရအသင်းကို ကျပ် သိန်း ၅၀၊ ဒုတိယဆုရအသင်းကို ကျပ် သိန်း ၃၀၊ တတိယဆုရအသင်းကို ကျပ် သိန်း ၂၀ ၊ ဆုဖလားနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

ymg/mt
#Yangon_Media_Group