#LocalNews
Published_ 21 March 2023

ပုသိမ်ကြီးမြို့နယ်၊ အုန်းချော ကျေးရွာ၊ (၁၆)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်အားရှောင်ကွင်း၍ မူးယစ်ဆေးဝါးများအား LAND CRUISER မော်တော်ယာဉ်ဖြင့် သယ်ဆောင်မည်ဖြစ်ကြောင်း သတင်းအရ ပိတ်ဆို့ရှာဖွေဆောင်ရွက်နေစဉ် မသင်္ကာယာဉ်ရောက်ရှိလာသဖြင့် ရှာဖွေစစ်ဆေးရန်ရပ်တန့်စေရာ ရပ်တန့်စစ်ဆေးခံခြင်းမရှိဘဲ အရှိန်မြှင့်မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ယင်းနောက် ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ညနေ ၃ နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်၊ ၅၈(A)လမ်းနှင့် ၁၁၀ လမ်းထောင့်အရောက်မှာ အဆိုပါယာဉ်ပေါ်တွင် ဆာလာအိတ် ၂၂ အိတ်အတွင်းမှ ဆပ်ပြာခွက် ၄၈၄၀ ခွက်ဖြင့်ထည့်ထားသော ငွေကျပ် ၁ ဒသမ ၂၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလို ဖမ်းဆီးရမိခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှာသတင်းထုတ်ပြန်ထားသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ လမ်းတစ်လျှောက်ရှိ ရှာဖွေစစ်ဆေးရေးစခန်းများအား ရှောင်ကွင်း၍ သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ပြစ်မူကျူးလွန်သူယာဉ်မောင်းအား ဥပဒေအရအရေးယူထားရှိပြီး ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

ymg/ynzw
#Yangon_Media_Group