#Local_News
Published-18 March 2023

 

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တစ်ဦးလျှင် ၅သိန်းကျပ်နှုန်းဖြင့် Naypyitaw State Academy ၏ ကျောင်းသား၊ ကျောင်းသူ ၁၁၁ ဦးကို မတ်လ ၁၇ ရက်က ပေါက်ဖော်ပညာသင်ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

Alibaba Philanthropy ၏ ငွေကြေးထည့်ဝင်မှုဖြင့် Naypyitaw State Academy၏ ဘာသာရပ် ၁၂ ခုမှ ကျောင်းသား၊ ကျောင်းသူ ၁၁၁ဦးကို တရုတ်နိုင်ငံဆိုင်ရာဆင်းရဲနွမ်းပါးမှုလျော့ချရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံး(CFPA Myanmar Office)မှ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

 

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် Naypyitaw State Academy မှကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၈၀၀ ဦးအား တစ်ဦးလျှင် ၅သိန်းကျပ်နှုန်းဖြင့် ပညာသင်နှစ်တစ်နှစ်စာအတွက် ပညာသင်ဆုများချီးမြှင့်ပေးအပ်သွားမည့်အစီအစဉ်မှာ အထက်ပါအတိုင်း ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျော့ချရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံး(CFPA Myanmar Office) အနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၅ခု နှစ် ဇူလိုင်လမှစတင်၍ ပညာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာဦးစီးဌာနများနှင့် ပူးပေါင်းကာ Paukphaw Scholarship Project ကို အကောင်အ ထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ တက္ကသိုလ် ၁၄ ခုမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၃၄၈ဦးအား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထို့အပြင် Bank of China(BOC) Scholarship Program ၊ Paukphaw ပညာသင်ဆုစီမံကိန်း၊ တရုတ်-မြန်မာချစ်ကြည်ရေးပညာသင်ဆုစီမံကိန်း၊ Panda Pack စီမံကိန်း၊ Smiling Children စီမံကိန်း၊ WHSH စီမံကိန်း၊ Covid-19 အထောက်အကူပြု ပစ္စည်းများလှူဒါန်းခြင်းစီမံကိန်း၊ စက်ဘီးလှူဒါန်းခြင်းစီမံကိန်း၊ ဆိုလာမီးအိမ်များလှူဒါန်းခြင်းစီမံကိန်း စသဖြင့် ၁၄ခု ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်နှင့်တိုင်း ၁၃ခု ရှိ မြို့နယ်ပေါင်း ၁၄၄မြို့နယ်တွင် အမေရိကန်ဒေါ်လာ (၁၁ ဒသမ ၈၂)သန်းထည့်ဝင်၍ လူဦးရေ ပေါင်း (၄၉၇၆၀၈)ဦးအား အကျိုးခံစားခွင့်ရရှိစေခဲ့ကြောင်း လည်း သိရသည်။

 

#ymg/mt #Local_News #ပေါက်ဖော်ပညာသင်ဆု #YMG
#Yangon-Media-Group