#Local_News
Published-15 March 2023

 

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ၂ရက်အတွင်း ကျပ်သိန်း၂၀၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဗဟိုက မတ်လ ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

 

မတ်လ ၁၂ ရက် တွင် သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက်၊ ဝေဇယန္တာလမ်းတွင် စိုးဦး(၅၀)နှစ် မောင်းနှင်ပြီး ဟိန်းသူ (ခ)မင်းမင်း(၄၀)နှစ်၊ စာဉာဏ်လင်း(၃၄)နှစ်၊ အာင်ဟိန်း(၃၁)နှစ်နှင့် ဒေါ်ပြုံး (၄၃) နှစ်တို့ လိုက်ပါလာသည့် TOYOTA PROBOX ယာဉ်ကို သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် ၎င်းတို့သယ်ဆောင်လာသော စက္ကူဂျပ်ဖာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြား (ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ်သိန်း ၁၀၀၀)နှင့် လက်ကိုင်ဖုန်း ၅ လုံးတို့ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းကြောင့် ၎င်းတို့ကို သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

အလားတူ မတ်လ ၁၃ ရက် ကလည်း မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ ဘုရင့်နောင်လမ်း လမ်းလျှောက်လာသူစန်းဌေး(၅၃)နှစ်နှင့် ေအောင်မျိုးဝင်း(၄၈)နှစ်တို့အား စစ်ဆေးရှာဖွေရာ စန်းဌေး(၅၃)နှစ် သယ်ဆောင်လာသော စက္ကူဂျပ်ဖာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၈၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သိန်း ၉၈၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့တွေ့ရှိသိမ်းဆည်းရမိခဲ့သည့်အတွက် စစ်ဆေးခဲ့ရာတွင် ၎င်းတို့သုံးစွဲရောင်းချရန် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ှင့် ဘုရင့်နောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်းလည်း သိရသည်။

 

#ymg/mt #Local_News #သင်္ဃန်းကျွန်း #မရမ်းကုန်း #စိတ်ကြွရူးသွပ်ဆေးဝါး #YMG #Yangon-Media-Group