#Local_News
Published-14 March 2023

 

ဖေဖော်ဝါရီလအတွင်း ပြည်ပနိုင်ငံများသို ဆန်/ဆန်ကွဲတန်ချိန် (၁.၉) သိန်းခန့်သာ တင်ပိုနိုင်ခဲ့ပြီး ဇန်နဝါရီလထက် တင်ပို့နိုင်မှု တန်ချိန် ခုနှစ်သောင်းခွဲကျော် (၇၇၄၃၁ တန်) ကျဆင်းသွားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထုတ်ပြန်သော အချက်အလက်တွေအရ သိရသည်။

 

ဆန်တင်ပို့မှုပမာဏ ကျဆင်းသွားတာကြောင့် ပို့ကုန်တင်ပို့မှုရရှိတဲ့ နိုင်ငံခြားငွေရရှိမှုလည်း ကျဆင်းသွားခဲ့ရပြီးတော့ ဖေဖော်ဝါရီလမှာ ဆန်/ဆန်ကွဲတင်ပို့မှုကနေ ကန်ဒေါ်လာ (၇၆) သန်းသာ ရရှိခဲ့လို့ ဇန်နဝါရီလမှာ ရရှိခဲ့တဲ့ ပိုကုန်ဝင်ငွေထက် ကန်ဒေါ်လာ ၃၁ သန်းအထိ ကျဆင်းသွားခဲ့ကြောင်း ဆန်စပါးအဖွဲ့ချုပ်မှ ထုတ်ပြန်သည်။

 

MRF ရဲ့ ဖော်ပြချက်အရ ပင်လယ်ရေကြောင်းကတစ်ဆင့် ဆန်/ဆန်ကွဲ ပြည်ပတင်ပို့မှု ကျဆင်းသွားခြင်းကြောင့် ပို့ကုန်ဝင်ငွေရရှိမှု လျော့နည်းသွားခြင်းဖြစ်ပြီး ဇန်နဝါရီလထက် တန်ချိန် (၈၅၀၀၀) ခန့် ကျဆင်းသွားခဲ့တယ်လို့ ဆိုသည်။

 

မြန်မာ့ဆန်/ဆန်ကွဲ ဝယ်လိုအားအများဆုံး နိုင်ငံအဖြစ် တရုတ်နိုင်ငံက ရပ်တည်နေပြီးတော့ ဖေဖော်ဝါရီ အချက်အလက်အရ တရုတ်က ဆန်တန်ချိန် ၄ သောင်းခွဲ နဲ့ ဆန်ကွဲတန်ချိန် ၆ သောင်းခွဲခန့် ဝယ်ယူတင်သွင်းထားသည်။

 

ယခုဘဏ္ဍာနှစ် ဧပြီလကနေ ဖေဖော်ဝါရီလအထိ (၁၁) လအတွင်း MRF ရဲ့ ရည်မှန်းချက်ဖြစ်သောတန်ချိန် (၂) သန်းကို ကျော်လွန်သွားခဲ့ပြီး ပို့ကုန်ဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ (၇၈၂) သန်းအထိ ရရှိကြောင်း သိရသည်။

 

#Local_News # ဆန်တင်ပို့မှု #ကျဆင်း
#YMG #Yangon_Media_Group