#Local_News
Published 1 March 2023

 

ရန်ကုန်သို့ သယ်လာသည့် ငွေကျပ် ၁ ဒသမ ၁၇ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်‌ဆေးပြား ၇ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဗဟိုက ထုတ်ပြန်ထားသည်။

 

ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၁၁ နာရီအချိန် က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့၏ ရရှိထားသော သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ သာစည် ဘက်သို့ မျိုးဝင်းအောင် မောင်းနှင်ပြီး မောင်ကျော်(ခ)ခွန်မောင်ကျော် လိုက်ပါလာသည့် HINO ၁၂ ဘီး မော်တော် ယာဉ်ကို ရှာဖွေခဲ့ကြရာ အထက်ပါအတိုင်း ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁၇ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၇ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲအချိန် တောင်ကြီး မြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၄)ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မြင့်လွင်(ခ)ကုလားလေး အားထပ်မံဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

 

အဆိုပါသိမ်းဆည်းရမိစိတ်ကြွရူးသွပ် ဆေးပြားများမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း လက်ရှိတွင် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဗဟိုက သိရသည်။

 

#ymg/mt #Local_News #စိတ်ကြွရူးသွပ်‌ဆေးပြာ #Yangon #YMG
#Yangon_Media_Group