#Local_News
Published_ 25 February 2023

အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနအနေဖြင့် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းနှင့် OWIC ခွင့်ပြုဆောင်ရွက်ပေးခြင်းကို ရုံးဖွင့်ရက် ၂ ရက်မှ ၃ ရက်အတွင်း အမြန်စိစစ်ခွင့်ပြုပေးလျက်ရှိသောကြောင့် ပွဲစားနှင့် အေဂျင်စီများထံ ဝန်ဆောင်ခအဖြစ် ငွေကြေးအဆမတန်ပေး၍ လုပ်ငန်းအပ်နှံခြင်းမပြုဘဲ မိမိကိုယ်တိုင် တင်ပြလျှောက်ထားကြပါရန် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးထုတ်ပြန်လိုက်သည်။

 

ယင်းတို့ကို လုပ်ဆောင်ရန် လိုအပ်သည့်စာရွက်စာတမ်းအထောက်အထားများ တောင်းခံရာတွင်လည်း အလုပ်သမားများ အလွယ်အကူသိရှိနားလည်ရယူပေးနိုင်သည့် စာရွက်စာတမ်း အထောက်အထားများကိုသာ တောင်းခံခြင်းဖြစ်ကြောင်း အသိပေးစာတွင် ဖော်ပြထားသည်။

 

ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းနှင့် OWIC လျှောက်ထားမှုများနှင့်ပတ်သက်၍ ပွဲစားများ၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများက facebook များ ၊ OWIC နှင့်ပတ်သက်သည့် facebook group များတွင် ဝန်ဆောင်မှုပေးသည့်ကြော်ငြာများ ကြော်ငြာလျက် ဝန်ဆောင်ခအဖြစ် ငွေကြေးများ အဆမတန်ကောက်ယူ၍ ဆောင်ရွက်ပေးနေကြောင်း၊ အချို့အလုပ်သမားများသည် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ခွင့်နှင့် OWIC ပြုလုပ်ခွင့်များကို ပွဲစားများ၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများထံ အပြီးအစီးလုပ်ငန်းအပ်နှံ၍ ဆောင်ရွက်မှုများရှိနေကြောင်း စိစစ်တွေ့ရှိရသောကြောင့် အထက်ပါအတိုင်း အသိပေးထုတ်ပြန်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် ပွဲစားများ၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများက ဦးစီးဌာနသို့ အလုပ်လုပ်ကိုင်ခွင့်ပါမစ်အတု၊ ပြည်ဝင်ခွင့်ဗီဇာအတု၊ လေဆိပ်အဝင်တုံးအတု၊ အလုပ်ရှင်ခွင့်စာအတု၊ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းဆင်းလက်မှတ်အတု၊ ဘွဲ့လက်မှတ် သို့မဟုတ် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်အတု စသည့်စာရွက်စာတမ်းအထောက်အထားအတုများဖြင့် တင်ပြခြင်း၊ လူပုဂ္ဂိုလ်တစ်ဦးတည်းမှ လက်ရေးမူတစ်ခုတည်းဖြင့် ရေးသားတင်ပြခြင်းများ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိရကြောင်းလည်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်များကို လုပ်ဆောင်နေကြသော ပွဲစားနှင့် အေဂျင်စီများကိုလည်း စိစစ်အရေးယူမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/mt #Local_News #ပြည်ပအလုပ်အကိုင် #OWIC
#YMG #Yangon_Media_Group