#Local_News
Published-22 February 2023

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖေဖော်ဝါရီလ ၁၉ ရက်က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သောကြောင့် ရာအိမ်မှူးနှစ်ဦးသေဆုံးကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါ ရပ်ကွက်နေ ရာအိမ်မှူး ဦးထွန်းထွန်းဝင်း(၄၆)နှစ် (ဘ)ဦးလှအောင်၊ ရာအိမ်မှူး ဦးဝင်းမြင့်(၆၀)နှစ် (ဘ)ဦးကြင်၊ ရာအိမ်မှူး ဦးမြင့်ဝေ(ခ)ဦးပု(၅၂)နှစ် (ဘ)ဦးထွန်းခင်၊ ဆယ်အိမ်မှူး ဦးဖြိုးကိုကိုအောင် (၂၈)နှစ် (ဘ)ဦးသန်းမြင့်၊ ရုံးအကူ ဦးအောင်ဝင်း(၃၁)နှစ် (ဘ)ဦးခင်ဝင်း၊ ရာအိမ်မှူး ဒေါ်ခင်ဆွေဝင်း (၆၅)နှစ် (ဘ)ဦးပူခိတို့ ရုံး၌လုပ်ငန်းများ ဆောင်ရွက်နေစဉ် နစက ဆန့်ကျင်အဖွဲ့မှ အမျိုးသား ၃ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရုံးအရှေ့သို့ရောက်ရှိလာပြီး ရုံးအတွင်းဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့် ဦးထွန်းထွန်းဝင်းနှင့် ဦးဝင်းမြင့်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးခဲ့ပြီး ဦးမြင့်ဝေ(ခ)ဦးပု၊ ဦးဖြိုးကိုကိုအောင်၊ ဒေါ်ခင်ဆွေဝင်းနှင့် ဦးအောင်ဝင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

#ymg/mt #Crime #Local_News #ဒဂုံဆိပ်ကမ်း(၉၄)
#ရာအိမ်မှူးနှစ်ဦးသေဆုံး #YMG #Yangon_Media_Group