#Local_News
Published_ 21 February 2023

 

နစကဥက္ကဋ္ဌက ဂျပန်ဝန်ကြီးချုပ်ဟောင်းနှင့် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌတို့အား ဂုဏ်ထူးဆောင်ဘွဲ့နှင့် စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်များ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

 

ဂုဏ်ထူးဆောင်တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်ခြင်းကို နေပြည်တော်၌ ပြုလုပ်ရာ အခမ်းအနားသို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တာဝန်ရှိသူများ၊ Japan- Myanmar Association Chairman ဖြစ်သူ H.E. Mr. HIDEO WATANABE နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။

 

နစကဥက္ကဋ္ဌက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ရရှိခဲ့တဲ့ Japan- Myanmar Association Chairman ဖြစ်သူ H.E. Mr. HIDEO WATANABE ထံ သီရိပျံချီ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို လက်ရောက် ချီးမြှင့်အပ်နှင်းပါတယ်။

 

ယင်းနောက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် ဂုဏ်ထူးဆောင်ဘွဲတံဆိပ် ရရှိခဲ့သည့် ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Taro Aso အား သရေစည်သူဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို ချီးမြှင့်အပ်နှင်းရာ H.E. Mr. HIDEO WATANABE က ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်းကိုယ်စားလက်ခံရယူခဲ့ပါတယ်။

 

နစကဥက္ကဋ္ဌက ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းနှင့် ပတ်သက်၍ ဂုဏ်ပြုစကား ပြောကြားရာတွင် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည့် မိတ်ဆွေကောင်းတစ်ဦးဖြစ်ကြောင်း၊ နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံတွင် လာရောက်ဆောင်ရွက်နိုင်ရန်တို့အတွက် အစွမ်းကုန်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ထို့ပြင် နှစ်နိုင်ငံအစိုးရ၊ ပြည်သူများနှင့်တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ခိုင်မာစွာဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုထက် ပိုမိုတိုးတက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါတယ်။

 

H.E. Mr. HIDEO WATANABE က ကျေးဇူးတင်စကားပြန်လည် ပြောကြားရာတွင် အခုကဲ့သို့ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားလိုပါကြောင်း၊ ယခင်အတိတ်က ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံကို ကူညီဆောင်ရွက်မှုများကို ဆန်းစစ်၍ ယခုအချိန်တွင်လည်း ဆက်လက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့တပ်မတော်၏ ရပ်တည်မှုအတွက် မိမိအသက်ရှင်သန်နေသည့်အချိန်အထိ ရာသက်ပန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

#ygm_mnn
#Yangon_Media_Group