#Local_News
Published_ 17 February 2023

 

နေပြည်တော်သပြေကုန်းတွင် လျှပ်စစ်ကား Charging Station တည်ဆောက်မှု ပြီးစီးတော့မည်ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေးအဖွဲ့က သိရသည်။

 

ဖေဖော်ဝါရီလ ၁၆ ရက်က အဆိုပါလုပ်ငန်းခွင်သို့ လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊လုပ်ငန်းကော်မတီအဖွဲ့ဝင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်၊ လုပ်ငန်းကော်မတီတွဲဖက်အတွင်းရေးမှူး၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင် သွားရောက် စစ်ဆေးခဲ့ကြကြောင်းသိရသည်။

 

သပြေကုန်းတွင် လျှပ်စစ်ကား Charging Station ကို NPK Motors Co.,Ltd က တည်ဆောက်နေခြင်းဖြစ်ပြီး လက်ရှိတွင် Charging Station တည်ဆောက်ခြင်း၊ လျှပ်စစ်သုံးတက္ကစီယာဉ် BYD တွင် လျှပ်စစ်အားသွင်းခြင်း၊ စမ်းသပ်မောင်းနှင်ခြင်းများ ပြုလုပ်ပြီး ဖြစ်ကြောင်းလည်း သိရသည်။

 

Charging Stationများကို နေပြည်တော်ကောင်စီနယ်မြေအတွင်း သုခတော်ဝင်အိမ်ရာရှေ့၊ မြို့မဈေး၊ သပြေကုန်းဈေး၊ စည်ပင်ဧည့်ရိပ်သာ၊ ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်း စသည့်နေရာများတွင်လည်းကောင်း၊ ရန်ကုန်မြို့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်ဘူတာကြီး၊ အဝေးပြေးကားဝင်းများ၊ သီရိမင်္ဂလာဈေး၊ သခင်မြပန်းခြံစသည့် နေရာများတွင် လည်းကောင်း၊ မန္တလေးမြို့တွင် မြို့ပတ်လမ်း၊ သိပ္ပံလမ်းမ၊ ကျုံးပတ်လမ်း၊ အဝေးပြေးကားကွင်းများ စသည့် နေရာများတွင် လည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် တစ်မိုင် တိုးဂိတ်၊ ၁၁၅ မိုင် ဖြူးယာဉ်ရပ်နားစခန်း ၊ ၂၀၁ မိုင် နေပြည်တော်ယာဉ်ရပ်နား စခန်း၊ ၂၈၄ မိုင်သီးကုန်းယာဉ်ရပ်နားစခန်း၊ ၃၅၂ မိုင် စကားအင်းယာဉ်ရပ်နား စခန်းစသည့် နေရာတို့တွင်လည်းကောင်း အသီးသီးဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group