#LocalNews
Published_ 15 February 2023

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့ တွင် နစက ဆန့်ကျင်အဖွဲ့က ဗုံးပစ်လောင်ချာ၊လက်လုပ်စိန်ပြောင်းများဖြင့်ပစ်ခတ်ခဲ့၍ ကိုရင်ကြီး ၁ ပါး၊ ကိုရင် ၁ ပါး၊ကလေးငယ် ၂ ဦး ဒဏ်ရာရ ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

ယင်းအဖွဲ့က ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ခေါပြင်ချောင်းတံတားအနီးမှနေ၍ ကောလင်းမြို့နယ်၊ ကျော်ဇေယျာ ရပ်ကွက်အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဗုံးသီးမှာ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေသည့် သုနန္ဒာရာမ ဘုန်းကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင် ရှင်အာသဖ (၁၄)နှစ်၊ ဝါတော် ၂ ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ် နှင့် မောင်ဝေလင်းအောင် (၁၄)နှစ် တို့တွင် ဗုံးသီးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

ယင်းအပြင် မွန်းလွဲ ၃ နာရီခန့်တွင် ဘုတလင်မြို့နယ်၊ မြဝတီရပ်ကွက်နှင့် ခုံမင်းကြီးရပ်ကွက်များအတွင်းသို့ ရွှေတောင်ကျေးရွာအနီးနှင့် လွှဲတဲကျေးရွာဘက်မှနေ၍ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စိန်ပြောင်းဗုံးသီးများသည် မြဝတီရပ်ကွက်ရှိ မြို့နယ်စည်ပင်ရုံး၊ ရပ်ကွက်ဘောလုံးကွင်း၊ မြို့မဈေးရှေ့ နှင့် ခုံမင်းကြီးရပ်ကွက်ရှိ ဆောင်တန်းကြီးဘုန်းကြီးကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အဆိုပါဘုန်းကြီးကျောင်းရှိ ကိုရင်ကြီး ဥူးဝီရီယ(ခ) ဦးဝင်းအောင်သန်း(၄၀)နှစ် တွင် ဗုံးသီးစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။

 

ymg/mt

#Yangon_Media_Group