#Local_News
Published_31 January 2023

 

ထိုင်းနိုင်ငံတွင် ကလေးငယ် ၆ ဦးအပါအဝင် မြန်မာနိုင်ငံသား ၉၀ ကျော် အဖမ်းခံရကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသူများထံမှ သိရသည်။

 

"ဇန်နဝါရီလ ၂၈ ရက်နဲ့ ၂၉ ရက်က နှစ်ရက်ပေါင်းမှာ လူ ၉၀ အဖမ်းခံရတယ်။ ဒီလိုတရားမဝင်သွားနေရင် နောက်လည်းအဖမ်းခံနေရအုံးမှာပဲ၊မလာကြပါနဲ့၊ တရားမဝင်လမ်းကနေ မလာကြပါနဲ့ဆိုပေမဲ့လည်း ပို့တဲ့သူကပို့၊ လာတဲ့သူကလာဆိုတဲ့ ပုံစံဖြစ်နေတယ်"ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

 

အဆိုပါ မြန်မာနိုင်ငံသား ၉၀ ကျော်မှာ တရားမဝင်ရောက်လာခြင်းဖြစ်ပြီးထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်အတွင်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

 

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ရန် လာရောက်သူများဖြစ်ကြောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်စသည့် ဒေသများက ဖြစ်ကြောင်းနှင့် စမွတ်စာခွန်၊ ရယောင်း၊ ကန်ကျနဘူရီ ၊ ဘန်ကောက်စသော ဒေသများတွင် အလုပ်လုပ်ရရှိရန် ပွဲစားများအား တစ်ဦးလျှင် ဘတ်နှစ်သောင်းမှ ဘတ်သုံးသောင်းထိပေး၍ လာရောက်ကြသူများ ဖြစ်ကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group