#Local_News
Published_ 27 January 2023

 

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းက မြန်မာ့ခရီးသွားလုပ်ငန်းပြန်လည် ဖွံ့ဖြိုးတိုးတက်မှုအတွက်ရည်ရွယ်ပြုလုပ်သော မြန်မာ့ခရီးသွားပြပွဲ(၂၀၂၃) ကို ယနေ့ ဇန်နဝါရီလ ၂၇ ရက်တွင် စတင်ပြသနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပြပွဲကို ယနေ့မှစ၍ ဇန်နဝါရီလ ၂၉ ရက်ထိ ပြုလုပ်မည် ဖြစ်ကြောင်း၊ ပြပွဲအတွင်း ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းများ၊ လေကြောင်းလိုင်း ဝန်ဆောင်မှုများ၊ ဟိုတယ်နှင့် အစားအသောက်လုပ်ငန်းများ၊ လက်မှုပညာများ၊ ပြည်တွင်းထွက်ဒေသထုတ်ကုန်များ၊ ဒေသအစားအစာများ၊ အာမခံလုပ်ငန်း ဝန်ဆောင်မှုများ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကုမ္ပဏီပြခန်းများအပါအဝင် ပြခန်းပေါင်း ၄၀ ကျော် ပြသလျက်ရှိကြောင်း သိရသည်။

 

ယခု ၂၀၂၃ ခုနှစ် ခရီးသွားရာသီတွင် ပုဂံ၊ ပုပ္ပား၊ ပင်းတယ၊ အင်းလေး၊ ငပလီ၊ ချောင်းသာ၊ ငွေဆောင်၊ မြိတ်ကျွန်းစုနှင့် သမိုင်းဝင်ဘုရားစေတီတို့သို့ သွားရောက် လည်ပတ်လျက်ရှိကြောင်း၊ လက်ရှိ ပြုလုပ်နေသော မြန်မာ့ခရီးသွားပြပွဲသို့ လာရောက်လေ့လာသူများအနေဖြင့် ပြည်တွင်း၊ ပြည်ပ လေယာဉ် လက်မှတ်များ၊ မိုးပျံဘောလုံးစီးနင်းခွင့်လက်မှတ်နှင့် ဟိုတယ်တည်းခိုခွင့် လက်မှတ်တို့ကို Lucky draw အစီအစဉ်ဖြင့် ကံစမ်းပေးခြင်းများလည်း ပါဝင်ကြောင်း သိရသည်။

 

ပြပွဲကို နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ သိမ်ဖြူလမ်းဂိတ်နှင့် မဟာဗန္ဓုလလမ်းဂိတ်တို့မှ ဝန်ကြီးများ ရုံးအတွင်း ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်းလည်း သိရသည်။

#ymg/mt
#Yangon_Media_Group