#Local_News
Published_ 21 January 2023

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၊ ငပလီလေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း နစက ဥက္ကဌ က ပြောသည်။

 

ဇန်နဝါရီလ ၂၀ ရက်က သံတွဲမြို့နယ်အတွင်းရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် သံတွဲမြို့ရှိ Pristine Mermaid Resort ဧည့်ခန်းမဆောင်၌ တွေ့ဆုံကာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးစဉ် ယင်းကပြောခဲ့ခြင်း ဖြစ်သည်။

 

ယင်းအပြင် ငပလီဒေသအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားရရှိရေး သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်းကို ယခင်ကတည်းက အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ယခုအခါ အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်နိုင်နေကြောင်း၊ လက်တလောလျှပ်စစ်မီးလိုအပ်ချက်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ စပါးခွံသုံး Gastifier စနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ လေအား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကိုလည်း ဆောင်ရွက်နိုင်ကြောင်းလည်း နစက ဥက္ကဌက ပြောသည်။

 

ငပလီကမ်းခြေသည် သာယာလှပသည့် ကမ်းခြေတစ်ခုဖြစ်၍ ပြည်ပခရီးသွား ဧည့်သည်များကပင် ချီးကျူးနှစ်သက်ရသည့် ကမ်းခြေတစ်ခုဖြစ်သောကြောင့် ရှိပြီးသားအားသာချက်များကို အသုံးချကာ ခရီးသွားဧည့်သည်တို့၏ သဘောသဘာဝကို သိရှိအောင် ဆောင်ရွက်လျက် ဒေသတွင်းသို့ ခရီးသွားများ ပိုမို ဝင်ရောက်စေရေး လုပ်ဆောင်ကြရန်လည်း ပြောကြားခဲ့ကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group