Published 20 Jan 2023

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ၏ ရှိရင်းစွဲ ဆက်ဆံရေးနှင့် မိတ်ဖက် ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေရေး ထာဝရရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်ကို ထာဝရမိတ်ဆွေကောင်းအဖြစ် ဆက်လက် တည်ရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi ကပြောကြားတယ်လို့ နစကပြန်ကြားရေးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့် (၈)ကြိမ်မြောက် မြန်မာ- ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး 8th High Level Committee Meeting ကို ဇန်နဝါရီ ၂၀ ရက် ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ Jasmine Ngapali Resort ၌ ကျင်းပပြုလုပ်ရာမှာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယင်းကဲ့သို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း  “ယခုကျင်းပပြုလုပ်တဲ့  (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ် အကြား အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးမှတဆင့် တပ်မတော်နှစ်ရပ်အကြား ယုံကြည်မှု၊ အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ပိုမိုတိုးတက် အားကောင်းလာစေရန် တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့်  မိမိတို့အနေဖြင့် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အရှိန်အဟုန်မပျက်စေဘဲ ကောင်းမွန်သည်ထက် ကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အခိုင်အမာပြောကြားလိုကြောင်း”ဆွေးနွေး ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးများ ကျင်းပနိုင်ခြင်းဖြင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက် နိုင်မည့် လမ်းကြောင်းနှင့် နည်းလမ်းများကို ချမှတ်နိုင်မည့်အပြင် နယ်စပ်ဒေသရှိ တပ် ဖွဲ့များအနေဖြင့်လည်း ချမှတ်ထားသည့် လမ်းကြောင်းများအတိုင်း ပူးပေါင်းဆောင် ရွက်မှုများ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နယ်စပ်ဒေသတစ်လျှောက်ရှိ နှစ်နိုင်ငံ ပြည်သူများအတွက် အသက်အိုးအိမ်စည်းစိမ်၊ လုံခြုံမှုနှင့် ဖွံ့ဖြိုး တိုးတက် ရေး လုပ်ငန်းများကို တည်ဆောက်သွားနိုင်မယ်လို့ယုံကြည်တယ်လို့ ထပ်မံပြောကြားခဲ့တယ်လို့သိရှိရပါတယ်။

အစည်းအဝေးမစတင်မီ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့သည် သီးခြားတွေ့ဆုံပြီး တပ်မတော်နှစ်ရပ်အကြား ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စရပ်များ ကိုဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။

ယခုပြုလုပ်တဲ့ မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသမှ ပြည်သူလူထုများ အေးချမ်းတည်ငြိမ်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ် ဆေးဝါး တိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များကို အပြုသဘော ဆောင်စွာ ဆွေးနွေးဆောင်ရွက်နိုင်ခဲ့တယ်လို့ နစကပြန်ကြားရေးရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယခုအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့နင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများ၊ နှစ်နိုင်ငံစစ်သံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦီးစီးချုပ်နှင့်အဖွဲ့ကို ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့က ဇန်နဝါရီ ၂၀ ရက် ယနေ့ညမှာ သံတွဲမြို့၊ ငပလီကမ်းခြေ ရှိ Jasmine Ngapali Resort ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။

-ymg/knl

#Myanmar_Politics

#Myanmar_Thailand_Military_Ties