#Local_News
Published_ 20 January 2023

 

တရုတ်နိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးအကြိမ်ရေ(၃) သန်းကို မြန်မာနိုင်ငံအတွက်ထပ်မံပံ့ပိုး ပို့ဆောင်ပေးလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်၊၊

 

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ကျင်းပခဲ့သည်၊၊

 

အခမ်းအနားတွင် ​ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ကာကွယ်ဆေး အကြိမ်ရေ ၆၁ သန်းခန့် ပံ့ပိုးပေးခဲ့ကြောင်း၊ ယခုအကြိမ် ပံ့ပိုးပေးသော ကာကွယ်ဆေး ၃ သန်းကို ကျောင်းနေအရွယ်ကလေးငယ်များနှင့် နာတာရှည်ရောဂါခံစားနေရသော သက်ကြီးရွယ်အိုများအတွက် ထပ်ဆောင်းကာကွယ်ဆေး (booster) အဖြစ် ထိုးနှံပေးမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်၊၊

 

​လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား၌ သံအမတ်ကြီး Mr. Chen Hai က တရုတ်နိုင်ငံဘက်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်မံပံ့ပိုးပေးရန် မြန်မာနိုင်ငံဘက်က တောင်းဆိုလာသည့်အတွက် တရုတ်ဘက်မှ လှူဒါန်းပေးရန် ချက်ချင်းတုံ့ပြန်ခဲ့ပြီး လေကြောင်းခရီးစဉ်အကျပ်အတည်းကို ကျော်လွှားကာ ကာကွယ်ဆေးများကို အမြန်ဆုံးပို့ဆောင်ပေးခဲ့ကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ဒယ်လ်တာမျိုးကွဲ ကူးစက်ပြန့်ပွားချိန်တွင်လည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက် အောက်ဆီဂျင်အရည်စသည့် အရေးပါသော ကပ်ရောဂါကာကွယ်ကုသရေးပစ္စည်းများ ပို့ဆောင်နိုင်ရန် အထူးလမ်းကြောင်းများ ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံသို့ အောက်ဆီဂျင်စက် စသည့်ပစ္စည်းများ အရေးပေါ် ပံ့ပိုးပေးခဲ့ကြောင်းပြောကြားခဲ့သည်၊၊

 

အခမ်းအနားတွင် သံအမတ်ကြီး Mr. Chen Hai နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကာကွယ်ဆေးအကူအညီပေးရေးစီမံကိန်းဆိုင်ရာ လွှဲပြောင်းပေးအပ်ခြင်းလက်မှတ်အား လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်းသိရသည်၊၊

 

​#ymg/tthl
#Yangon_Media_Group