#Local_News
Published_ 17 January 2023

 

နာဂဒေသအတွင်းပွဲကြည့်စင်နှင့် ပြေးလမ်းပါ အားကစားကွင်းတစ်ခုတည်ဆောက်မည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

နစက ဥက္ကဌက ဇန်နဝါရီလ ၁၅ ရက်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးအထူးအစည်းအဝေးသို့ တက်ရောက် ဆွေးနွေးစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်ထားသည်။

 

ယင်းပွဲကြည့်စင်နှင့်ပြေးလမ်းပါ အားကစားကွင်းတစ်ခုဆောင်ရွက်ပြီးစီးပါကဒေသခံများ အနေဖြင့်လည်း စနစ်တကျထိန်းသိမ်းရန်၊ ပွဲတော်များမှာ အမြဲတမ်းပြုလုပ်ခြင်းမဟုတ်သည့်အတွက် သီးခြားမြေနေရာသတ်မှတ်ဆောင်ရွက်ခြင်းထက် ပွဲပြုလုပ်သည့် စင်မြင့်များကို အလွယ်တကူ ဖြုတ်တပ်ဆောင်ရွက်သည့်စနစ်ဖြင့် ဆောင်ရွက်သင့်ကြောင်း၊ ယင်းအပြင် ၂၀၂၅ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အမီ ချင်းတွင်းမြစ်ကူး ထမံသီတံတားပြီးစီးရေးနှင့် ထမံသီအထိ ကတ္တရာလမ်း ခင်းကျင်းပေးနိုင်ရေးတို့ကိုလည်း ဆောင်ရွက်ရန်လိုကြောင်း နစက ဥက္ကဌက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့အပြင် စာရာမေရိတောင်ခြေရှိ လေရှီး-လဟယ်ဆက်သွယ်ထားသည့် မြေသားလမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နာဂဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအတတ်ပညာများပါဝင်သည့် အခြေခံပညာအထက်တန်းကျောင်းတစ်ခု တည်ဆောက်ပေးမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် သိပ္ပံအဆင့်အထိ အဆင့်ဆင့်တက်လှမ်းနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group