အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ထရမ့်လက်ထက်က ပိတ်ပင်ခဲ့တဲ့ တရုတ်ပိုင် TikTok နှင့် WeChat တို့ကို ဒီကနေ့မှာ ပိတ်ပင်မှုကနေ ပြန်လည်ရုပ်သိမ်းပေးလိုက်ပါတယ်။

အဲဒီအစား နိုင်ငံခြားကပြိုင်ဖက် တွေရဲ့ ဆော့ဖ်ဝဲအက်ပလီကေးရှင်းတွေဟာ အမေရိကန်ရဲ့အရေးကြီးတဲ့သတင်းအချက်အလက်တွေ အတွက် အန္တရာယ်ရှိနိုင်သလားဆိုတာကို ပြန်လည်သုံးသပ်ရလိမ့်မယ်လို့ အကြီးတန်းအုပ်ချုပ်ရေးအရာရှိ တွေကပြောကြားတယ်လို့ ဘလွန်းဘတ်သတင်းဌာနက ရေးသားလိုက်ပါတယ်။

#ဘာတွေပါသလဲ
ဘိုင်ဒင်လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ သမ္မတအမိန့်သစ်မှာ အက်ပလီကေးရှင်းတွေကိုပြန်လည်သုံးသပ် စစ်ဆေးပြီး လုံခြုံရေးအရ အန္တရာယ်ရှိတယ်ဆိုရင် ပိတ်ပစ်လိုက်ဖို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂီနာရိုင် မွန်ဒိုကိုညွှန်ကြားထားပါတယ်။ အခုအမိန့်သစ်ဟာ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်က တရုတ်သက်သက်အရေးယူခဲ့တဲ့ TikTok နှင့် WeChat တို့ကို အမေရိကန်နိုင်ငံမှာ အသုံးပြုခြင်းကနေ ပိတ်ပင်ဖို့ကြိုးစားခဲ့တဲ့ အမိန့်ကို အစားထိုးလိုက်တာဖြစ်ပါတယ်။ ထရမ့်ရဲ့အရေးယူမှုကို နည်းပညာကုမ္ပဏီတွေက အမေရိကန်တရားရုံးတွေမှာ ခုခံချေပခဲ့ပါတယ်။ သမ္မတရဲ့အမိန့်အသစ်ဟာ အမေရိကန်ရဲ့အရေးကြီးတဲ့ သတင်းအချက်အလက်တွေအတွက် အန္တရာယ်ပေးနိုင်တဲ့ သတ်မှတ်ချက်တွေကို ရှင်းလင်းသိစေဖို့ရည်ရွယ်ပါတယ်။

#ကုမ္ပဏီပြန်ရောင်းမယ့်ကိစ္စ
တစ်တော့ပ်က အမေရိကန်ကုမ္ပဏီကို ရောင်းချမယ့်ကိစ္စကတော့ အခုအမိန့်သစ်နှင့်မ်ဆိုင်ဘဲ သီးခြားအနေနဲ့ အမျိုးသားလုံခြုံရေးကိစ္စ သုံးသပ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအမိန့်ဟာ ဘိုင်ဒင်ရဲ့ တစ်ပတ်ကြာဥရောပခရီးအစမှာ ပေါ်ထွက်ခဲ့တာဖြစ်ပြီး အဲဒီခရီးတွေမှာ တရုတ်နိုင်ငံကိစ္စဟာ ဂျီဆဲဗင်းလို့ခေါ်တဲ့ခုနှစ်ပြည်ထောင်အုပ်စုအကြား အဓိကဆွေးနွေးစရာဖြစ် လာမှာပါ။