ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အနေနှင့် ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူ တူးစေးဖိုးရဲ့ သဘောထားအတိုင်း လိုက်နာသွားမယ်လို့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချူပ်ကြီးစောဂျော်နီက ယနေ့သဘောထားတစ်ရပ် ထုတ်ပြန်ကြေညာပါတယ်။

ယနေ့ဇွန်လ(၉)ရက်၊ ရက်စွဲဖြင့်ထုတ်ပြန်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်ရဲ့ သဘောထားထုတ်ပြန်ချက်ထဲမှာ ဗိုလ်ချူပ်ကြီးစောဂျော်နီက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။

#ဘာတွေပါသလဲ
“ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA ) သည် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ နိုင်ငံရေးဦးဆောင်လမ်းညွှန်မှုကို အစဉ်ခံယူလိုက်နာလျက် ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကရင်အမျိုးသားအရေးကို အစဉ်ဆောင်ရွက်လာခဲ့ရာ (၁၀-၅-၂၀၂၁) နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သော ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌစောမူတူးစေဖိုး၏ သဘောထားအတိုင်း လိုက်နာခံယူသွားမည် ဖြစ်ကြောင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ သဘောတူလက်မှတ်ရေးထိုးထားသော NCA မူဘောင်များအတိုင်း တိကျစွာလိုက်နာကျင့်သုံးသွားမည်ဖြစ်ပြီး ကရင်အမျိုးသားတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များအားလုံးအနေဖြင့် စစ်စည်းကမ်းများနှင့်အညီ တိကျစွာလိုက်နာကြရန်သာဖြစ်ကြောင်း “ ဖြင့် ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။