#WorldEntertainment

+++++++++++++++++++++++++++++++++

Published 5 Oct 2021

007 အဖြစ် နောက်ဆုံးအကြိမ်ပါဝင်သရုပ်ဆောင်ထားတဲ့ ဒန်နီယယ်ခရိတ်ရဲ့ ဇာတ်ကားဟာ UK မှာ စံချိန်တင်ပြသနိုင်ခဲ့ပြီး ပြသတဲ့ပထမဆုံးအပတ်မှာ တခြားဂျိမ်းစ်ဘွန်းဇာတ်ကားတွေထက် ဝင်ငွေပိုမိုရရှိခဲ့ကာ ရုံတင်ပြီး ၄ ရက်အကြာမှာပဲ ဒီနှစ်ရဲ့အအောင်မြင်ဆုံးဇာတ်ကားဖြစ်လာပါတယ်။

ဗုဒ္ဓဟူးနေ့ညသန်းခေါင်ယံ UK မှာ ပြုလုပ်ခဲ့တဲ့ No Time To Die ဇာတ်ကားမိတ်ဆက်ပွဲဟာလည်း ကပ်ရောဂါကာလအတွင်းက ရုပ်ရှင်ဇာတ်ကားစံချိန်တွေကို ရိုက်ချိုးနိုင်ခဲ့ပြီး ပြသတဲ့နေရာ ၅၄ ခုမှာလည်း အမေရိကန်ဒေါ်လာ ၁၁၉ သန်း(ပေါင် ၈၈သန်း) ရရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၈လကျော် ကပ်ရောဂါစဖြစ်ခဲ့တဲ့အချိန်ကတည်းက ရုပ်ရှင်ဈေးကွက် ဒုတိယအကြီးမားဆုံးဖြစ်တဲ့ တရုတ်မှာတောင် မပြသသေးခင်မှာပဲ ဟောလိဝုဒ်ကထုတ်တဲ့ ဒီဇာတ်ကားဟာ ဒေါ်လာသန်း ၁၀၀ ရရှိနေတာဖြစ်ပါတယ်။UK နဲ့ အိုင်ယာလန်တိုမှာ ဘွန်းကိုအရူးအမူးစွဲလန်းသူတွေကြောင့် ပထမဆုံး ၄ ရက်မှာပဲ ပေါင် ၂၆ သန်းနီးပါး လက်မှတ်ရောင်းချထားရပြီး စံချိန်တင်မှတ်တမ်းတွေနဲ့အတူ ရုံတင်ပြသထားနိုင်ပါတယ်။
ပရိသတ်တွေစောင့်မျှော်နေခဲ့ရတဲ့ ဒီကားကိုပြသဖို့အတွက် ၃ ကြိမ်တိုင်ရွှေ့ဆိုင်းခဲ့ရပြီး ပြီးခဲ့တဲ့နှစ် ဧပရယ်လကပြသဖို အစကစီစဉ်ထားတာဖြစ်ပါတယ်။

သောကြာနေ့မှ တနင်္ဂနွေညအထိ ပြသခဲ့တဲ့ပထမဆုံး ၃ ရက်အတွင်းမှာ ပေါင် ၂၁ သန်းစံချိန်တင်ရရှိခဲ့တယ်လို့ UK ရုပ်ရှင်အဖွဲအစည်းရဲ့ပြောကြားချက်အရ သိရပါတယ်။ ၅၉ နှစ်တာသက်တမ်းရှိ ဂျိမ်းစ်ဘွန်းဇာတ်ကားထုတ်လုပ်ရေးက ထွက်ရှိထားတဲ့ အအောင်မြင်ဆုံး ၂ ကားဖြစ်တဲ့ Skyfall နဲ့ Spectre တို့ဟာ ပထမဆုံး ၃ရက်အတွင်း UK ရှိ ရုံတင်ပြသမှုကနေ ပေါင်သန်း ၂၀ ရရှိခဲ့ကြတာဖြစ်ပြီး အခု No Time To Die ဇာတ်ကားကတော့ ဒီ ၂ကားထက် ပိုမိုအောင်မြင်ခဲ့တာဖြစ်ပါတယ်။

No Time To Die ဇာတ်ကားကတော့ ဒီနှစ်ရဲ့အအောင်မြင်ဆုံးဇာတ်ကားအဖြစ် ရပ်တည်နေပြီဖြစ်ပြီး UK နဲ့အိုင်ယာလန်တို့ရှိ ရုံတင်ပြသမှုကနေ ပေါင် ၂၀.၂ သန်းရရှိထားတဲ့ Peter Rabbit 2 ထက် ကျော်လွန်သွားပြီဖြစ်ပါတယ်။ဒီ No Time To Die ဇာတ်ကားဟာ ဂျိမ်းစ်ဘွန်းကားတွေထဲမှာ ဇာတ်လမ်းကြာချိန်အများဆုံးဖြစ်ပြီး ၂နာရီ ၄၅မိနစ် အထိကြာမြင့်ပါတယ်။

ရုံပေါင်း ၇၇၂ ရုံမှာ နေ့စဉ် ပွဲ ၉၀၀၀ ကျော်ပြသလျက်ရှိပြီး UK သမိုင်းမှာ အများဆုံးရုံတင်ပြသခွင့်ရခဲ့တဲ့ ဇာတ်ကားဖြစ်လာပါတယ်။တစ်ကမ္ဘာလုံးကနေ ဝင်ငွေဒေါ်လာ ၁.၁ ဘီလီယမ်ရခဲ့ပြီး ဂျိမ်းစ်ဘွန်းသမိုင်းတလျှောက်အအောင်မြင်ဆုံးဇာတ်ကားဖြစ်တဲ့ Skyfall နီးတူ No Time To Die ဟာလည်း အောင်မြင်မှုရနေတာဖြစ်တယ်၊ ဒါပေမဲ့လည်း ဒေါ်လာသန်း ၈၈၀ ရရှိခဲ့တဲ့ Spectre ဇာတ်ကားထက် တော့ ၁၇ ရာခိုင်မှုန်းလျော့နည်းနေတယ်လို့ MGM ထုတ်လုပ်ရေးနဲ့အတူ ဒီဇာတ်ကားကို ဖြန့်ချိတဲ့ Universal Pictures ထုတ်လုပ်ရေးက ဆိုပါတယ်။

No Time To Die ဇာတ်ကားကို နောက်ထပ်ရုံတင်ပြသမှာကတော့ ကမ္ဘာ့ရုပ်ရှင်ဈေးကွက်အကြီးမားဆုံးဖြစ်တဲ့ အမေရိကန်မှာ အောက်တိုဘာ ၈ ရက်နေ့မှာ ပြသသွားမှာဖြစ်ပြီး အောက်တိုဘာ ၂၉ မှာတော့ တရုတ်မှာဆက်လက်ပြသသွားမှာ ဖြစ်ပါတယ်။

ရောဂါကပ်ဆိုးအခြေအနေနဲ့ တကမ္ဘာလုံးအတိုင်းအတာရှိ ရုပ်ရှင်ရုံတွေ ၅ ရုံမှာ ၁ရုံလောက်က ပိတ်ထားရတဲ့ အခြေအနေတွေကြောင့် Skyfall ရဲ့စံချိန်ကိုလိုက်မီဖို့ ခက်ခဲလိမ့်မယ်လို့ ဆန်းစစ်သူတွေက သုံးသပ်ထားပါတယ်။

Source The Guardian