#World_Military
Published 16 December 2022

 

အမေရိကန်က ယူကရိန်းထံ လေကြောင်းကာကွယ်ရေးစနစ်တွေ ပေးပို့နေတယ်ဆိုပါက အဲဒါတွေနှင့် အသုံးပြုတဲ့သူတွေကိုပါ ရုရှားက တရားဝင်ပစ်မှတ်ထားတိုက်ခိုက်သွားမှာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကကြာသပတေးနေ့က သတိပေးလိုက်ပါတယ်။

 

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှားတို့ အပြန်အလှန်ထုတ်ပြန်ခဲ့ကြပြီး တင်းမာမှုများ မြင့်တက်လာနေပါတယ်။

 

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ'မာရီယာဇာခါရိုဗာ'က ပြောကြားရာမှာ "အမေရိကန်က ယူကရိန်းကို လက်နက်များထောက်ပံ့ပြီး စစ်ရေးလေ့ကျင့်ပေးနေတာကြောင့် စစ်ပွဲမှာပါဝင်တဲ့သဘော ဖြစ်လာပါပြီ၊ ယူကရိန်းကို ပက်ထရီယော့ဒုံးကျည်တွေ ထောက်ပံ့နေတာသေချာတယ်ဆိုရင် ဒါဟာ ရန်စတဲ့လုပ်ရပ်ဖြစ်ပြီး နောက်ဆက်တွဲသက်ရောက်မှုတွေ ရှိလာမှာပါ၊ အဲဒီလက်နက်တွေနဲ့ အသုံးပြုသူတွေဟာ ရုရှားရဲ့ပစ်မှတ်တွေဖြစ်လာမှာပါ"လို့ 'ဇာခါရိုဗာ'က ကြေညာခဲ့ပါတယ်။

 

ရုရှားမှသတိပေးချက်ကို တုန့်ပြန်ရာမှာ အမေရိကန်က ယူကရိန်းအတွက်ပေးတဲ့ လုံခြုံရေးအထောက်အပံ့တွေနဲ့ ပတ်သက်ပြီး ရုရှားအနေနဲ့ ဘာမှဝင်‌ပြောစရာမရှိကြောင်း ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ လေတပ်ဗိုလ်ချုပ်'ပက်ရိုင်ဒါ'က ဆိုလိုက်ပါတယ်။

 

"ရုရှားက အိမ်နီးချင်းနိုင်ငံကို အကြောင်းမဲ့ကျူးကျော်တိုက်ခိုက်တယ်၊ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားသတ်ဖြတ်တယ်၊ အရပ်သားအဆောက်အအုံတွေကို ဖျက်ဆီးတယ်၊ ဒီလိုလူမျိုးတွေက အရပ်သားတွေကို ကာကွယ်ပေးမယ့် ကာကွယ်ရေးလက်နက်တွေ ထောက်ပံ့ပေးတာကို ရန်စတဲ့လုပ်ရပ်လို့ ခေါ်တယ်ဆိုတော့ အတော်ကိုယုတ္တိမရှိတာပါပဲ" လို့ 'ရိုင်ဒါ'ကဆိုပါတယ်။

 

အမေရိကန်က ယူကရိန်းအတွက် ပက်ထရီယော့ဒုံးကျည်ပို့ပေးဖို့ကို လက်ခံဖို့တုန့်ဆိုင်းနေခဲ့ပေမယ့် ရုရှားဒုံးကျည်တွေက ယူကရိန်းရဲ့ အရေးကြီးအဆောက်အအုံတွေကို ဖျက်ဆီးပစ်နေတာကြောင့် ယူကရိန်းခေါင်းဆောင်များက ပိုမိုအားကောင်းတဲ့ ကာကွယ်ရေးလက်နက်များ အရေးတကြီးတောင်းဆိုခဲ့ကြရာ နောက်ဆုံးမှာတော့ ပေးပို့ရန် သဘောတူလိုက်ပါပြီ။

 

ထိုလက်နက်စနစ်တွေကို ထိန်းချုပ်ဖို့ တပ်သား ၉၀ လောက်လိုအပ်ပါတယ်။

 

ယူကရိန်းသို့ အမေရိကန်တပ်သားများစေလွှတ်ဖို့ရာ သမ္မတနဲ့အဖွဲ့က ဆန္ဒမရှိတာကြောင့် တုန့်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။

ဒီမတိုင်ခင်အထိတော့ အမေရိကန်နဲ့ နေတိုး(NATO)မဟာမိတ်များက ယူကရိန်းအတွက် တာတိုနဲ့ တာလတ်ပစ်ကာကွယ်ရေး လက်နက်များကိုသာ ထောက်ပံ့ခဲ့ပြီး ပဲ့ထိန်းဒုံးကျည်တွေတေည့ မပါဝင်ခဲ့ပါဘူး။

 

Source: AP News
#Yangon_Media_Group