#World_Health
Published 8 December 2022

 

သုတ်ပိုးပရိုတိန်း IZUMO1 ရဲ့ သိသာထင်ရှားတဲ့ လုပ်ဆောင်ချက်အသစ်ဟာ လူသားတွေရဲ့ မျိုးမပွားနိုင်တဲ့ပြဿနာများကို ကုသပေးနိုင်ဖွယ်ရှိပြီး သ‌န္ဓေတားနည်းလမ်းများ အဆင်ပြေစွာထုတ်လုပ်နိုင်ရန် အကူအညီပေးကြောင်း ဟိုင်ဖာတက်ခ်နီယွန်အစ္စ‌ရေးလ်နည်းပညာ တက္ကသိုလ်နဲ့ ဂျပန်တက္ကသိုလ် ၂ ခုမှ သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။

 

IZUMO1 ပရိုတိန်းကို ဖူကူရှီမာဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ ပညာရှင်တစ်ဦးက ၂၀၀၅ ခုနှစ်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

ထိုပရိုတိန်းဟာ မျိုးပွားဆဲလ်များ ပေါင်းစပ်ရာမှာ အရေးပါပြီး မျိုးရိုးဗီဇအချက်အလက်များ ဖလှယ်ပေးကာ မျိုးဥနဲ့ သုတ်ပိုးတို့ပေါင်းစည်းပြီး မျိုးအောင်သွားတဲ့ဆဲလ် ဖြစ်လာပါတယ်။

 

ကြွက်တွေနဲ့စမ်းသပ်မှုကို တက်ခ်နီယွန်သုတေသီများဖြစ်တဲ့ ပရော်ဖက်ဆာ'ဘင်ဂျမင်ပေါ့ဘလူဝိစ်'၊ ဒေါက်တာနီကိုလတ်စ်ဘရွတ်မန်း'နဲ့ ဂျပန်တက္ကသိုလ်များမှ ပရော်ဖက်ဆာ'တက်ဆုယာဟီဂါရှီယာမာ' ဒေါက်တာ'ကိုဒဲနာကာဂျီမာ'တို့က ဦးဆောင်ခဲ့ကြပါတယ်။

 

နို့တိုက်သတ္တဝါမျိုးရဲ့ သန္ဓေအောင်ခြင်းဖြစ်စဉ်မှာ မျိုးပွားဆဲလ်တွေရဲ့ သွေးရည်ကြည်အမြှေးပါးတွေက သုတ်ပိုးပရိုတိန်း IZUMO1 နဲ့ မျိုးဥပရိုတိန်း JUNO တို့ကြား အပြန်အလှန်လုပ်ဆောင်မှုမှတဆင့် ချိတ်ဆက်ပေးပါတယ်။

 

ပေါင်းစည်းပြီးတဲ့နောက် သုတ်ပိုးနဲ့ မျိုးဥတို့ရဲ့ ဒီအင်န်အေတွေဟာ နျူကလီးယပ်စ်တစ်ခုတည်းအဖြစ် ပေါင်းသွားကြပါတယ်။

 

ဒီစမ်းသပ်မှုတွေကို ဓာတ်ခွဲခန်းထဲမှာ ကြွက်တွေဆီကနေ သုတ်ပိုးနဲ့ မျိုးဥများကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ IZUMO1 ရဲ့ လုပ်ဆောင်ချက်အသစ်အရ နောင်အခါ အမျိုးသားများ သောက်သုံးနိုင်တဲ့တားဆေး ဖော်ထုတ်ဖို့ လမ်းစဖြစ်လာနိုင်ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group