#World_Government
Published 7 December 2022

 

အသတ်ခံလိုက်ရတဲ့ သတင်းထောက်'ဂျာမယ်ခါရှောဂီ'နဲ့ စေ့စပ်ထားတဲ့ချစ်သူက ဆော်ဒီအာရေဗျ အိမ်ရှေ့စံမင်းသား'မိုဟာမက်ဘင်ဆယ်လ်မန်'ကို တရားစွဲဆိုခဲ့ရာ ဝါရှင်တန်ရှိ ဖက်ဒရယ်တရားသူကြီးက အင်္ဂါနေ့မှာ ပယ်ချလိုက်ကာ သမ္မတ'ဘိုင်ဒင်'ရဲ့ လွတ်ငြိမ်းခွင့်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

 

အမေရိကန်ခရိုင်တရားသူကြီး 'ဂျွန်ဘိတ်စ်'က တရားစွဲဆိုချက်ကို မငြင်းပယ်ချင်ပေမယ့် 'ဘိုင်ဒင်'အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကြောင့် ရွေးချယ်စရာ မရှိခဲ့ပါဘူး။

 

'ခါရှောဂီ'အသတ်ခံရမှုမှာ မင်းသားပါဝင်ပတ်သက်နေကြောင်း စွပ်စွဲချက်တွေ ရှိနေပေမယ့် အမေရိကန်အုပ်ချုပ်ရေးအဖွဲ့က မင်းသားကို ကင်းလွတ်ခွင့်ပေးထားတယ်လို့ အသိပေးခဲ့ကြောင်း 'ဘိတ်စ်'က ရေးသားဖော်ပြခဲ့ပါတယ်။

 

စက်တင်ဘာလတုန်းက ဆော်ဒီဘုရင်ကြီး'ဆယ်လ်မန်'ဟာ မင်းသား'မိုဟာမက်'ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

 

'ခါရှောဂီ'ဟာ ၂၀၁၈ အောက်တိုဘာလက အစ္စတန်ဘူလ် ကောင်စစ်ဝန်ရုံးမှာ ဆော်ဒီအေးဂျင့်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရကာ ဒီကိစ္စကို မင်းသား'မိုဟာမက်'က အမိန့်ပေးခဲ့တာဖြစ်မယ်လို့ အမေရိကန်ထောက်လှမ်းရေးက ယူဆထားပါတယ်။

 

'ခါရှောဂီ'အသတ်ခံရခြင်းနဲ့ ပတ်သက်ပြီး အမိန့်ပေးခဲ့တယ်ဆိုတဲ့စွပ်စွဲချက်ကို မင်းသားက ငြင်းပယ်ထားကာ နောက်တော့မှ သူ့မျက်မှောက်မှာပင် ဖြစ်ပျက်ခဲ့တယ်ဆိုတာကို သိလိုက်ရကြောင်း ဆိုပါတယ်။

 

ဘိုင်ဒင်တို့အဖွဲ့က မင်းသား'မိုဟာမက်'ဟာ နိုင်ငံခြားအစိုးရအဖွဲ့ရဲ့ အကြီးအကဲဖြစ်နေပြီး အမေရိကန်တရားရုံးများရဲ့ စီရင်ချက်ချခွင့်မှ ကင်းလွတ်ကြောင်း ဆုံးဖြတ်လိုက်ကြတယ်လို့ အမေရိကန်တရားဥပဒေဌာနမှ ရှေ့နေများက ပြောကြားခဲ့ပါတယ်။

 

'ဘိုင်ဒင်'ဟာ ဇူလိုင်လတုန်းက မင်းသားနဲ့ စွမ်းအင်၊ လုံခြုံရေးကိစ္စရပ်များဆွေးနွေးရန် ဆော်ဒီအာရေဗျသို့ လာရောက်ခဲ့ကာ ဝေဖန်ခံခဲ့ရပါတယ်။

 

'ခါရှောဂီ'အသတ်ခံရခြင်းနဲ့ ပတ်သက်ပြီး မင်းသားမှာတာဝန်ရှိကြောင်း ဘိုင်ဒင်က အသိပေးခဲ့တယ်လို့လည်း အိမ်ဖြူတော်က ပြောကြားထားပါတယ်။

 

'ခါရှောဂီ'ဟာ ဝါရှင်တန်ပို့စ်သတင်းမှာ အိမ်ရှေ့မင်းသားကို ဝေဖန်ခဲ့ဖူးပါတယ်။

 

တူရကီလူမျိုးချစ်သူ'ဆန်ဂျစ်'နဲ့လက်ထပ်ရန် လိုအပ်တဲ့စာရွက်စာတမ်းများကို ရယူဖို့ အစ္စတန်ဘူလ် ဆော်ဒီကောင်စစ်ဝန်ရုံးကို ရောက်လာစဉ် အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

 

Source: Reuters
#Yangon_Media_Group