#World_Politics
Published 9 November 2022

 

အမေရိကန်နဲ့ ရုရှားတို့ဟာ မကြာခင်မှာ တွေ့ဆုံပြီးတော့ နျူကလီးယားလက်နက်လျှော့ချရေး သဘောတူစာချုပ်(New START)အရ ကြည့်ရှုစစ်ဆေးမှုများ ပြန်လည်စတင်ရန်ကိစ္စကို ဆွေးနွေးသွားဖို့ မျှော်လင့်နေကြကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ 'နက်ဒ်ပရိုက်စ်'က နိုဝင်ဘာ ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

 

အဆိုပါ နျူကလီးယားလက်နက်လျှော့ချရေး သဘောတူစာချုပ်အရ ကြည့်ရှုစစ်ဆေးမှုတွေဟာ ယူကရိန်းကို ရုရှားမကျူးကျော်ခင်ကတည်းက ရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။

 

နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ 'ပရိုက်စ်'ကပြောကြားရာမှာ ကမ္ဘာ့နျူကလီးယားအင်အားအကြီးမားဆုံး ၂ နှစ်နိုင်ငံကြား နောက်ဆုံးလက်ကျန်လက်နက်ထိန်းချုပ်ရေးသဘောတူညီချက်ကို အကောင်အထည်ဖော်မယ့် နှစ်နိုင်ငံတိုင်ပင်ရေးကော်မရှင်(BCC)ဟာ များမကြာခင်မှာ တွေ့ဆုံသွားမှာဖြစ်ပါတယ်။

 

ဖေဖော်ဝါရီလက ယူကရိန်းကို ရုရှားကျူးကျော်ခဲ့တာကြောင့် အမေရိကန်နဲ့မဟာမိတ်နိုင်ငံများက ခရီးသွားလာခွင့်တွေ ပိတ်ပင်ခဲ့တာကို ရုရှားတို့က အပြစ်တင်လိုက်ကာ သဘောတူစာချုပ်အရ ပူးပေါင်းကြည့်ရှုစစ်ဆေးမှုများကို ရပ်ဆိုင်းလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ စာချုပ်ပါအချက်အလက်များအတိုင်း လိုက်နာရန် ကတိပြုထားဆဲဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

 

"ယူကရိန်းကို ကျူးကျော်လို့ ပိတ်ဆို့မှုတွေပြုလုပ်ရတာဟာ အမေရိကန်အတွင်း New START သဘောတူစာချုပ်အရ ရုရှားဘက်မှ စစ်ဆေးရေးမှူးများ ကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခြင်းကိုတော့ တားဆီးထားခြင်းမရှိဘူး၊ ဒါကြောင့် BCC အစည်းအဝေးမှာ အဆိုပါကြည့်ရှုစစ်ဆေးမှုများအကြောင်း ဆက်လက်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ 'ပရိုက်စ်'က ပြောကြားလိုက်ပါတယ်။

 

၂၀၁၁ ခုနှစ်က စတင်အသက်သွင်းခဲ့တဲ့ New START ဟာ အမေရိကန်နဲ့ရုရှားတို့ နျူကလီးယားထိပ်ဖူးအရေအတွက်နဲ့ နျူကလီးယားသယ်ဆောင်မယ့် မြေပြင်နဲ့ ရေငုပ်သင်္ဘောအခြေပြုဒုံးကျည်များ၊ ဗုံးကျဲလေယာဉ် ဖြန့်ကျက်ထားရှိမှုတို့ကို အကန့်အသတ်နဲ့ ထားရှိစေမှာဖြစ်ပါတယ်။

 

၂ နှစ်တစ်ကြိမ်ကျင်းပတဲ့ BCC အစည်းအဝေးဟာ ရုရှားတို့ ယူကရိန်းနယ်စပ်နား တပ်နေရာမချခင် ၂၀၂၁ ခုနှစ် အောက်တိုဘာလတုန်းက နောက်ဆုံးတွေ့ဆုံခဲ့ပါတယ်။

 

ဒီတွေ့ဆုံမှုက အကျိုးရှိတဲ့တွေ့ဆုံမှုဖြစ်လာဖို့ အမေရိကန်က မျှော်လင့်နေပြီး အစည်းအဝေးပွဲ အချိန်နဲ့နေရာအတိအကျကိုတော့ မပြောသွားခဲ့ပါဘူး။

 

နီးစပ်သူတစ်ဦးရဲ့အဆိုအရ BCC အစည်းအဝေးပွဲကို ကိုင်ရိုမှာ ကျင်းပဖို့မျှော်မှန်းထားကြောင်း သိရပါတယ်။

 

ရုရှားဟာ ဆွစ်ဇာလန်မှာ မတွေ့ဆုံလိုတော့တာကြောင့် အရှေ့အလယ်ပိုင်းမှာပဲ တွေ့ဆုံဆွေးနွေးဖို့လိုလားကြောင်း ရုရှားသတင်းစာ'ကွန်မာဆန့်'က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းမှာ စစ်ပွဲပိုမိုကြီးမားသွားတာမျိုး မဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး အမေရိကန်နိုင်ငံတော်လုံခြုံရေးအကြံပေး 'ဂျိတ်ခ်ဆာလီဗန်'က အကြီးတန်းရုရှားအရာရှိများနဲ့ လျှို့ဝှက်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း နီးစပ်သူတစ်ဦးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

 

Source: CNA
#Yangon_Media_Group