#World_Health
Published 4 November 2022

ကောင်းစွာမအိပ်ရတဲ့အခါ အကဲဖြတ်နိုင်စွမ်း၊ စိတ်အခြေအနေ၊ သင်ယူနိုင်စွမ်း၊ မှတ်သားနိုင်စွမ်းတို့ကို ထိခိုက်စေတယ်လို့ သိထားကြပေမယ့် သုတေသနအသစ်အရ မျက်စိကွယ်တဲ့အထိ ဖြစ်ပွားနိုင်ကြောင်း တွေ့ရှိလာရပါတယ်။

 

အိပ်မပျော်ခြင်း၊ ဟောက်ခြင်း၊ နေ့ခင်းဘက်အိပ်စက်ခြင်းအပြင် အိပ်ချိန်များလွန်းခြင်းအခြေအနေမှာပင် ရေတိမ်ဖြစ်နိုင်ချေများစွာရှိနေပြီး အမြင်အာရုံဆုံးရှုံးသည်အထိ ဖြစ်နိုင်ကြောင်း BMJ Open ဂျာနယ်မှာ ဖော်ပြထားပါတယ်။

 

အသက် ၄၀ မှ ၆၉ နှစ်ကြား လူပေါင်း ၄ သိန်းကျော်ကို သုတေသနပြုခဲ့ရာ ၂၀၄၀ ခုနှစ်အရောက်မှာ ရေတိမ်ကြောင့် မျက်စိဆုံးရှုံးနိုင်ချေရှိသူ ၁၁၂ သန်းခန့်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။

 

အိပ်စက်ခြင်းနဲ့ ရေတိမ်တို့ကြားဆက်စပ်မှုကို လေ့လာရန် သုတေသီများက အိပ်မပျော်ခြင်း၊ အိပ်ချိန်များလွန်းခြင်း၊ ညဉ့်နက်ခြင်း၊ နေ့ခင်းအိပ်စက်ခြင်းစတဲ့ အလေ့အထတွေကို ခွဲခြမ်းစိတ်ဖြာခဲ့ကြပါတယ်။

 

ပုံမှန်အားဖြင့် တစ်ညတာအိပ်စက်ချိန်ကို ၇ နာရီမှ ၉ နာရီကြားသတ်မှတ်ထားပြီး ထိုပမာဏအတွင်းမဝင်ပါက အိပ်ချိန်နည်းခြင်း များခြင်းသတ်မှတ်ပါတယ်။

 

ပါဝင်စမ်းသပ်ခံမယ့်သူတွေကို သူတို့ရဲ့အသက်၊ ကျား/မ၊ လူမျိုး၊ ပညာရေး၊ ဘဝနေထိုင်မှုပုံစံ၊ ကိုယ်အလေးချိန်တို့ကို မေးမြန်းခဲ့ကြပါတယ်။
ဆယ်နှစ်ခွဲကျော်ကြာတဲ့အထိ ပုံမှန်စောင့်ကြည့်လေ့လာခဲ့ရာမှာ ရေတိမ်ဖြစ်ပွားသူ ၈,၆၉၀ ဦးတွေ့ရှိခဲ့ပါတယ်။

 

အသက်ကြီးသူတွေ၊ အမျိုးသားတွေ၊ သွေးပေါင်ချိန်များသူတွေ၊ ဆီးချိုရောဂါသည်တွေ၊ ဆေးလိပ်သောက်တတ်သူတွေဟာ ရေတိမ်ပိုဖြစ်နိုင်ချေရှိနေပါတယ်။

 

နေ့ခင်းဘက်အိပ်တတ်သူတွေ၊ ဟောက်တတ်သူတွေဟာ ရေတိမ်ဖြစ်နိုင်ချေ ၁၀ ရာခိုင်နှုန်းပိုများပြီး အိပ်မပျော်တတ်သူတွေနဲ့ အိပ်ချိန်နည်းလွန်းများလွန်းတဲ့သူတွေကတော့ ဖြစ်နိုင်ချေ ၁၃ ရာခိုင်နှုန်းပိုများပါတယ်။

 

ရေတိမ်ဖြစ်ရတဲ့အကြောင်းအရင်းက မျက်လုံးထဲက ဖိအားများလာလို့ဖြစ်ပြီး လှဲအိပ်နေတဲ့အချိန်၊ ဟော်မုန်းပြောင်းလဲတဲ့အချိန်ဆိုရင် ဖိအားများလာတတ်ပါတယ်။

 

စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ကလည်း အိပ်မပျော်ခြင်းနဲ့ဆက်စပ်နေပြီး မျက်လုံးတွင်းဖိအားများလာတတ်ကြောင်း သုတေသီအဖွဲ့က ဆိုပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group