Published 18 Oct 2022

အမေရိကန်နိုင်ငံ ဘော့စ်တွန်တက္ကသိုလ်မှ သုတေသနပညာရှင်တွေဟာ  ကူးစက်ခံရသူ ၈၀ရာခိုင်နှုန်းခန့်အထိ သေဆုံး နိုင်တဲ့ ကိုဗစ်-၁၉ မျိုးဗီဇကွဲ အသစ်တစ်ခုကို စမ်းသပ်ဖန်တီးခဲ့ကြတယ်လို့ သိရပါတယ်၊

အဲဒီမျိုးဗီဇကွဲကို အိုမီခရွန်နှင့် ဝူဟန်မှာ စတွေ့ခဲ့တဲ့ မူရင်းဗိုင်းရပ်စ်နှစ်ခုကို ပေါင်းစပ်ဖန်တီးခဲ့တာဖြစ်ပြီး ကြွက်တွေကို ကူးစက်စေပြီးစမ်းသပ်ကြည့်တဲ့အခါ ၈၀ရာခိုင်နှုန်းသေစေကြောင်း တွေ့ရှိရပါတယ်။  အဲဒီကြွက်တွေကို အိုမီခရွန် သက်သက်ပဲ ကူးစက်စေတဲ့အခါမှာတော့ အပျော့စားရောဂါလက္ခဏာပဲပြသတယ်လို့သိရပါတယ်။

အဲဒီသုတေသနလုပ်ငန်းကို ဖလော်ရီဒါနှင့် ဘော့စ်တွန်က သိပ္ပံပညာရှင်တွေဟာ ပေါ်ထွန်းစ ကူးစက်ရောဂါဆိုင်ရာ အမျိုးသားအဆင့် ဓာတ်ခွဲခန်းတွေမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

သူတို့ဟာ အိုမီခရွန်က စပိုက်ပရိုတိန်းကို ထုတ်ယူပြီး ဝူဟန်က မူလ ဗိုင်းရပ်စ်ထဲ တွဲထည့်ပေးလိုက်တာပါ။ အဲဒီနောက် အဲဒီမျိုးဗီဇပေါင်းထားတဲ့ မျိုးကွဲကိုဗစ်ဗိုင်းရပ်စ်ပိုးကို  ကြွက်တွေက ဘယ်လိုတုန့်ပြန်သလဲ မှတ်တမ်းတင်ခဲ့ကြပါတယ်။

“ ကြွက်တွေဆီမှာ အိုမီခရွန်သက်သက်ဆို တစ်ကောင်မှမသေဘဲ အပျော့စားရောဂါလက္ခဏာပဲပြတယ်။ အိုမီခရွန်-အက်စ် ဗိုင်းရပ်စ်ဆိုရင် သေဆုံးနှုန်းက ၈၀ရာခိုင်နှုန်းရှိတာတွေ့ရတယ်” လို့ သူတို့က သုတေသနစာတမ်းမှာ ရေးသားထား ပါတယ်။

အဲဒီမျိုးဗီဇကွဲဗိုင်းရပ်စ်အသစ်ဟာ အိုမီခရွန်မျိုးကွဲထက် အဆပေါင်း ငါးဆ ပိုပြီးကူးစက်တာလည်းတွေ့ရတယ်လို့ စာတမ်းက ဆိုပါတယ်။

အိုမီခရွန်ဟာ ကူးစက်မှုမြင့်မားတဲ့ ဗိုင်းရပ်စ်မျိုးကွဲဖြစ်ပြီး ကာကွယ်ဆေးအပြည့်ထိုးထားပြီးသူတွေတောင် ကူးစက်ခံရတာ ဖြစ်ပါတယ်။ စပိုက်ပရိုတိန်းဆိုတာ ကူးစက်မှုနှုန်းကို ဖြစ်ပေါ်စေတဲ့ ပရိုတိန်းဖြစ်ပါတယ်လို့ သုတေသနပညာရှင်တွေက ပြောပါတယ်။ ဗိုင်းရပ်စ်ဖွဲ့စည်းပုံမှာ ပြောင်းလဲမှုတွေက သေဆုံးမှု အတိုင်းအတာကိုဖြစ်ပေါ်စေကြောင်းသိရပါတယ်။

Source NY-Post

#80%_kill_rate_New_Strain

#Covid_19

#Boston_University